ဟုမ္မလင်း ဆီရေယာဉ်များမီးလောင်မှု မီးထိန်းနိုင်ပြီ၊ သုံးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ဧပြီ ၂၀ ရက်၊ ညနေ ၆ နာရီကျော်က စက်သုံးဆီရေယာဉ်များ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး၊ ယနေ့ နေ့လည် ၁၂ ကျော်တွင် မီးထိန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၊ နောင်ပကျစ်ဆိပ်ကမ်းမြစ်လယ်တွင် စက်သုံးဆီများတင်ဆောင်ထားသည့် ဆီရေယာဉ် ဆီဖြည့်ရာမှ အစီး ၂၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး၊ သုံးဦးသေဆုံးကာ လူဦးရေ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နဲ့နီးပါတယ်။ လောလောဆယ်တော့ တွေ့မြင်ရတာတော့ ဘော်ဒီသုံးလောင်းတော့တွေ့တယ်။ ဒဏ်ရာရရှိတာ တော်တော်များတယ်။ ဆေးရုံးမှာဆို ၃၀ ကျော် ၄၀ လောက်ရှိမလားပဲ။ ဘာလို့လည်းဆိုတော့ ပေါင်ကျိုးတဲ့သူနဲ့ ခြေကျိုး၊ လက်ကျိုးတွေလည်းရှိတယ်။ မော်တော်ကဆီဖြည့်ရင်း ဆီချိန်ရင်းနဲ့ ဆီပန့်ရိုက်ပြီး ပေါက်ကွဲလောင်တာလို့တော့သိရသည်။ မီးလောင်တော့ ကြိုးပြတ်ပြီး ရေလယ်ကိုမျှောသွားတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် စက်လှေတစ်စီးလျှင် (ကုန်မပါ) တန်းဖိုးငွေ သိန်း ၇၀၀၀ မှ သိန်း ၁၀၀,၀၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

“ဒီမှာတော့ သင်္ဘောဆိုတာထက် စက်လှေခေါ်တာပေါ့နော်။ မနေ့က လုံးလုံးလောင်သွားတာတော့ ၁၅ စီးလောက်ရှိတယ်။ ပျက်စီးတာတော့ ခုနှစ်စီးလောက်ရှိတယ်။ မော်တော်တွေက သိန်းကိုမှ ထောင်ချီတန်တာ။ အဓိကတော့ ဆီတွေပါတာ ဆိုးသွားတာ။ မော်တော်တစ်စီးရဲ့တန်ကြေးက အခွံကြီးပဲတောင် သိန်း ၇၀၀၀၊ ၈၀၀၀၊ ၁၀၀,၀၀၀ အဲ့လောက်ကိုရှိတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်ကျွမ်းမှုတွင် ဆီရေယာဉ်များသာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“အခုအချိန်ထိတော့ ဆုံးရှုံးမှုတွေကို ဘာကိုမှအတည်ပြုလို့မရသေးပါဘူး။ လောလောဆယ်က မီးထိန်းနိုင်တာပဲရှိပါသေးတယ်။ ဘာမှတော့မပြီးသေးဘူး။ ဌာနကိုလည်းတင်ပြလို့မရသေးဘူး။ မီးသတ်ကားတွေ ပတ်ပြေးနေရတုန်းပါ။ မီးလောင်တဲ့အထဲမှာ ကားမီးလောင်တာမရှိပါဘူး။ ဘာကားတစ်စီးမှ မီးလည်းမလောင်ပါဘူး။ ကားတစ်စီးဆို အကောင်းတိုင်းထွက်သွားပါပြီဗျ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်ကျွမ်းမှုသည် ဧပြီ ၂၀ ရက်၊ ညနေ ၆ နာရီကျော်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ဧပြီ ၂၁ ရက် နေ့လည် ၁၂ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်

ဟုမ္မလင်း ဆီရေယာဉ်များမီးလောင်မှု မီးထိန်းနိုင်ပြီ၊ သုံးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.