ရန်ကုန်၊ ဧပြီ ၂၇
ကချင်ပြည်နယ်၊ နမ္မတီးမြို့နှင့် မိုးကောင်းမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ လေပြင်းများတိုက်ခတ်ခဲ့ခြင်းတို့ကြောင့် နေအိမ်များနှင့် လယ်ယာများပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်က၊ နမ္မတီးမြို့နှင့် မိုးကောင်းမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ လေပြင်းများတိုက်ခတ်ခဲ့ခြင်းတို့ကြောင့် နေအိမ်များပြိုကျပျက်စီးခြင်း၊ လယ်ယာများနှင့် စိုက်ခင်းများပါပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
“နမ္မတီးမှာ တစ်မြို့လုံးနီးပါးပျက်စီးတယ်လို့ပြောရမယ်။ လေကအဲ့လောက်အထိ မတိုက်ဖူးဘူး။ အဲ့နေ့ကတော့ အတော်ကြမ်းတယ်။ နေအိမ်တစ်လုံးဆို အိမ်အလုံးလိုက်ကျွတ်ထွက်သွားတာ။ အဲ့အိမ်ကြီးက သူများအိမ်ပေါ်သွားကျတာ။ တစ်ချို့ဆို စပါးခင်းတွေတော်တော်ပျက်စီးသွားတယ်။ လယ်ယာတွေနဲ့ စိုက်ခင်းတွေပျက်စီးတာရှိတယ်။ သူတို့လည်း ပြန်ထူ ထောင်ဖို့ဆိုတာ မလွယ်ဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်တို့ကြောင့် နေအိမ်များပြိုကျပျက်စီးသွားသည့် နမ္မတီးမြို့တွင် အမိုးအကားနှင့် စားနပ်ရိက္ခားများလို အပ်နေကြောင်း သိရ သည်။
“နေအိမ်တွေပျက်စီး၊ အမိုးတွေကလန်၊ လတ်တလော မိုးတွေကရွာနဲ့ဆိုတော့ အတော်ကို ဒုက္ခရောက်နေကြပါတယ်။ အလုပ်အကိုင်တွေလည်းထိခိုက်တဲ့အပြင် နေစရာတွေပါ အ ဆင်ပြေသလိုနေနေရတော့ စားစရာတွေလည်း လိုအပ်နေတယ်။ နမ္မတီးမြို့ထဲက ရှေးဟောင်းသမိုင်းဝင် ဇာတ်စင်ကြီးတစ်ခုဆိုရင် ရစရာကိုမရှိတော့အောင် ပျက်စီးသွားတယ်။” ဟု မြို့တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် မိုးကောင်းမြို့တွင် ဧပြီလ ၂၅ ရက်နေ့က မိုသည်းထန်းစွာရွာသွန်းကာ လေပြင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဆက်သွယ်လိုင်းများပါပြတ်တောက်ကာ အိမ်အသုံးဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

“အခြေအနေကတော့ တစ်မြိုနယ်လုံးဖြစ်သွားတော့ နေရာအတိအကျတွေတော့ ပြောမရသေးဘူး။ အခုတောင် ဆက်သွယ်ရေးဖုန်းလိုင်းတွေကမကောင်းနေတာ။ ဓာတ်တိုင်တွေလည်း လဲကျတယ်။ ဘုန်ကြီးကျောင်းထဲက ကျောင်းဆောင်တွေပေါ်လည်း သစ်ပင်တွေလဲကျတယ်။ အခုလည်း အကူအညီတွေလို အပ်နေပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့ညနေ ၃ နာရီကျော်ကလည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး လေပြင်းများပါတိုက်ခတ်နေသေးကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၇ နာရီက ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ မိုးကောင်းနှင့် နမ္မတီးမြို့
ယနေ့ခေတ်
နမ္မတီးနှင့် မိုးကောင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခဲ့ပြီနောက် အကူအညီများ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်