ရန်ကုန်၊ ဧပြီ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်ကိုးလုံး မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၈ ရက်၊ နံနက် ၅ နာရီကျော်က သံဖြူဇရပ်မြို့၊ ကရုပ္ပိကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်ကိုးလုံး မီးကူးဆက်လောင်ကျွမ်းခဲပြီး လူ ၃၀ ကျော် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
“ကရုပ္ပိကျေးရွာမှာ မီးဖိုမီးကြွင်းမီးကျန်ကနေလောင်တာပါ။ လူထိခိုက်မှုတော့မရှိပါဘူး။ နေအိမ်ကတော့ ကိုးလုံးပါ။ ပျဉ်ထောင်အိမ်ပါတယ် ကျန်တာတွေက မြေစိုက်ထရံကာအိမ်တွေပါ။ မီးဘေးသင့်တဲ့သူတွေကိုတော့ ကရုပ္ပိကျေးရွာက ဓမ္မင်းဆိပ် ရှင်ဥပဂုတ္တဓမ္မာရုံမှာပဲ လတ်တလောထားထားပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၅ နာရီ ၄ မိနစ်က စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၅ နာ ရီ၊ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီ ၁၇ ရက်၊ ည ၁၁ နာရီကျော်ကလည်း ပေါင်မြို့၊ အလှပ်ကျေးရွာတွင် ထမင်းအိုးတည်ရာမှ အပူလွန်ကဲကာ နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင့်သူ ၅၅ ဦးရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
သံဖြူဇရပ်မြို့တွင် နေအိမ်ကိုးလုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်