ရန်ကုန်၊ မတ် ၅
မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) သို့ အားအသင့်အတင့်မှ အားကောင်းသော(Moderate to Strong)အဆင့်ဖြင့် စတင်ဝင်ရောက်လာနိုင်ကြောင်း မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ယနေ့ နေ့လည် ၁ နာရီတွင် ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်မှ ၁၅ ရက်အတွင်း အနောက်တောင်လေစီးကြောင်းသည် ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) ဒေသများသို့ စတင်ဝင်ရောက်လာနိုင်ကြောင်း၊ လေကြောင်းလားရာ (850 hPa Wind) တွင် လေတိုက်နှုန်း ၂၅ knots နှင့်အထက် (အပြာရောင်ရင့်ရင့်ဧရိယာ) ရှိနေခြင်းကြောင့် မုတ်သုံလေသည် အားအသင့်အ တင့်မှ အားကောင်းသောအဆင့်ဖြင့် စတင်ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က ပြောကြားသည်။
မေလ ၁၃ ရက်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး၊ ယင်းနှင့်အတူ မြန်မာနိုင်ငံတောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ မေလ ၁၃ ရက်နေ့နောက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် မိုးရွာသွန်းမှု သိသိသာသာများပြားလာနိုင်သည်ဟု သိရသည်။
“မိုးဦးကာလ အန္တရာယ်များအနေဖြင့် မုတ်သုံလေစတင်ဝင်ရောက်ခါစတွင် ကုန်းတွင်းပိုင်းရှိ အပူရှိန်နှင့် ပင်လယ်မှတက်လာသော စိုထိုင်းဆများကြောင့် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ မေလ ၁၀ ရက်မှ ၁၅ ရက်အတွင်း ဒေသအနှံ့အပြားတွင် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းများကို အထူးဂရုပြုရန်လိုအပ်ပါတယ်။” ဟု ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်တွင် သတိပေးရေးသားထားသည်။
မေလဒုတိယပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးပိုမိုစိပ်လာနိုင်ပြီး၊ အလယ်ပိုင်းဒေသများတွင် ညနေပိုင်းအချိန် မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေတိုက်နှုန်းအသင့်အတင့်ရှိနေသဖြင့် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-U Win Naing
ယနေ့ခေတ်
မေလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် မုတ်သုံဝင်ရောက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်