ရန်ကုန်၊ မေ ၅
Miss Grand Myanmar 2026 ပြိုင်ပွဲ၏ National Costume Competition ပြိုင်ပွဲကို မေလ ၄ ရက်နေ့ကပြုလုပ်ခဲ့ရာ တာချီလိတ်မြို့မှ အလှမယ်တစ်ဦးသည် သီလရှင်ဝတ်စုံ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ဝေဖန်မှုများမြင့် တက်လျက်ရှိနေကြောင်း သိရသည်။
Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်သည် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း ဘာသာရေးအရ ပြင်းပြင်းထန်ထန်ဝေဖန်ထားသည်ကို တွေရသည်။
“ဘာသာရေးအကြောင်းပြု ဗဟုသုတရစေသော ပညာပေးဇာတ်လမ်း ဇာတ်ဝင်ခန်းမဟုတ်ပါဘဲ သာမန် Miss ပြိုင်ပွဲတစ်ခုမှာ အခြားသောဝတ်စုံမျိုးစုံဖြင့် ပြိုင်ပွဲဝင်လို့ရပါသည်။ ရပါလျက်နှင့် ဗုဒ္ဓဘာသာရေး၊ သာသနာ့အနွယ်ဝင် မယ်သီလရှင်ဝတ်စုံဖြင့် ပြိုင်ပွဲဝင်ခြင်းသည် ဘာသာရေးစော်ကားမှုပြုရာရောက်ပါသည်။ ယနေ့ခေတ်မှာ ဘာသာရေးခုတုံးလုပ်သော ရဟန်းတု ရဟန်းယောင်များနှင့် အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို စော်ကားမှုလုပ်ရပ်တွေနဲ့ ပွဲဆူအောင်လုပ် လူသိများရင်ပြီးရောဆိုသည့် indecent fame လုပ်ရပ်တွေ၊ အနုပညာဖျော်ဖြေပွဲတွေ မကြာခဏတွေ့လာရပါသည်။ မြန်မာနိုင်ငံတွင် မည်သူမဆို ကိုးကွယ်ရာဘာသာတစ်ခုကို မိမိမကိုးကွယ်ချင် မကိုးကွယ်လို့ရပါသည်။ လွတ်လပ်ခွင့်ပါ။ သို့သော် ကိုးကွယ်ရာဘာသာတစ်ခုကို ခုတုံးလုပ်၍ မိမိအကျိုးစီးပွားတစ်ခုအတွက်သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် စော်ကားခြင်း(သို့)စော်ကားရာရောက်စေသော ပြောဆို ရေးသား ပြုမှုခြင်းအလျဥ်းမလုပ်ရပါ။” ဟု Ko Ko Aung အမည်ရ လူမှုကွန်ရက်သုံးစွဲသူက ဝေဖန်ရေးသားထားသည်။
ထို့အပြင် သာသနာရေးဝန်ကြီးဌာနကလည်း Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အ နွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင်အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ကြောင်း သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုထားသည်။
ထို့အတူ Miss Grand Myanmar Organization ၏ National Director ဦးမရန်ဆိုင်းနော်ကလည်း တာချီလိတ်အလှမယ်၏ သီလရှင်ဝတ်စုံမှာ အစမ်းလေ့ကျင့်သည့်အချိန်တွင် မပါဝင်ခဲ့ဘဲ ပြိုင်ပွဲယှဉ်ပြိုင်ချိန်တွင် ပါဝင်လာခြင်းဖြစ်သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ထားကြောင်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – လူမှုကွန်ရက်
ယနေ့ခေတ်
Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်ခဲ့သည့် အလှမယ်နှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်