ရန်ကုန်၊ မတ် ၁၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ သုံးဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီကျော်က၊ လွိုင်ကော်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ ယောင်္ကျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
“သူတို့သူငယ်ချင်းခြောက်ယောက် သဲချောင်းကိုသွားလည်ရင်းနဲ့ ချောင်းထဲကို ရေဆင်းကူးကြတာ။ တစ်ယောက်က ရေနစ်နေရင်းနဲ့ နောက်နှစ်ယောက်ထပ်ပါသွားတာ။ အသက်တွေကတော့ ၁၈၊ ၁၉၊ ၂၀၊ တွေလောက်ရှိမယ်။ မိန်းကလေးကတော့ ဒုတိယမြောက်ရှာတွေ့တယ်။ သုံးယောက်လုံးတော့ပြန်တွေ့ပါပြီ။ မိသားစုတွေ အမျိုးတွေနဲ့တော့ အကုန်အဆက်အ သွယ်ရပါပြီ။” ဟု ရွှေညောင်ပင် နာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးသွားသည့် ရုပ်အလောင်းများကို နယ်မြေခံမီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ပြီး၊ ရွှေညောင်ပင် နာရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်ဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်၊ ညနေ့ပိုင်းကလည်း ဘားအံမြို့၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်အတွင်း အသက် ၁၀ နှစ်ကျော် ယောင်္ကျားလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူငယ်သုံးဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်