ရန်ကုန်၊ မတ် ၁၀
မွန်ပြည်နယ်၊ သထုံမြို့တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက မိန်းကလေးသုံးဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်က၊ သထုံ-ဘားအံလမ်းမကြီး မြို့သစ်နှင့် ရဲဘော်ရွာကြားတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်စီးလာသူ မိန်းက လေးသုံးဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မိန်းကလေးသုံးယောက်က ဆိုင်ကယ်စီးလာတာ။ တစ်ဖက်ကလာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာ။ သထုံ-ဘားအံလမ်းမကြီး မြို့သစ်နဲ့ ရဲဘော်ရွာနားမှာ။ အသက်တွေက ၁၇၊ ၂၀ ဝန်းကျင်တော့ရှိပြီ။ သူတို့တွေကိုတော့ ဘယ်ကဆိုတာ သေချာမသိရဘူး။ မိသားစုနဲ့တော့ အဆက်သွယ်ရပါပြီ။ တိုက်တဲ့ကားကလူလည်း တိုက်မိတဲ့နေရာမှာပဲ ရပ်နေပါတယ်။ သက်ဆိုင်ရာကတော့ အရေးယူမှုတွေဆောင်ရွက်နေပါတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိုက်မှုတွင်သေဆုံးသွားသည့် မိန်းကလေးသုံးဦး၏ ရုပ်အလောင်းများကို မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်းနှင့် မေတ္တာရိပ် လူမှုကယ်ဆယ်ရေးအသင်းတို့က သထုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မင်းသားကြီး-အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်း
ယနေ့ခေတ်
သထုံမြို့တွင် ယာဉ်တိုက်မှုဖြစ် မိန်းကလေးသုံးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်