ISIS ဒုတိယခေါင်းဆောင်ကို ဖယ်ရှားလိုက်ပြီဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ မေ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာလုံးဆိုင်ရာ ISIS ၏ ဒုတိယခေါင်းဆောင်ဖြစ်သော အဘူ-ဘီလယ် အယ်လ်-မီနူကီသည် အမေရိကန်နှင့် နိုင်ဂျီးရီးယားတပ်ဖွဲ့များ၏ စစ် ဆင်ရေးတစ်ခုတွင် သေဆုံးသွားကြောင်း မေလ ၁၅ ရက်၊ သောကြာနေ့တွင် ပြောကြားသည်။

“ ဒီညမှာ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ၊ ရဲရင့်တဲ့အမေရိကန်တပ်ဖွဲ့တွေနဲ့ နိုင်ဂျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကမ္ဘာပေါ်မှာအတက်ကြွဆုံး အကြမ်းဖက်သမားကို စစ်မြေပြင်ကနေဖယ်ရှားဖို့ သေချာစီစဉ်ထားပြီး အလွန်ရှုပ်ထွေးတဲ့ မစ်ရှင်တစ်ခုကို အပြစ်အနာအဆာမရှိ လုပ်ဆောင်ခဲ့ကြပါတယ်။” ဟု ထရမ့်က ပြောကြားသည်။

“ ISIS ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုတိယခေါင်းဆောင် အဘူ-ဘီလယ် အယ်လ်-မီနူကီဟာ အာဖရိကမှာ ပုန်းအောင်းနေနိုင်တယ်လို့ ထင်ခဲ့ပေမယ့် သူဘာလုပ်နေလဲဆိုတာကို ကျွန်တော်တို့ကို အသိပေးနေတဲ့ ရင်းမြစ်တွေရှိတယ်လို့ သူမသိခဲ့ဘူး” ဟု ထရမ့်က Truth လူမှုကွန်ရက်တွင် ပြောကြားသည်။

ထရမ့်၏ပို့စ်တွင် စစ်ဆင်ရေး၏ တိကျသည့်နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

အမေရိကန်ဖက်ဒရယ်မှတ်ပုံတင်ရုံး၏အဆိုအရ နိုင်ဂျီးရီးယားနိုင်ငံသား အယ်လ်-မီနူကီကို ၂၀၂၃ ခုနှစ်တွင် “ အထူးသတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်သမား” အဖြစ် ယခင်ဘိုင်ဒန်အစိုးရက သတ်မှတ်ခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်း အစ္စလာမ်မစ်စစ်သွေးကြွများထံမှ ခရစ်ယာန်များကို ကာကွယ်ရန် နိုင်ဂျီးရီးယားသည် ပျက်ကွက်ခဲ့သည်ဟု ယခင်ကစွပ်စွဲခဲ့သည့် ထရမ့်က စစ်ဆင်ရေးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ဂျီးရီးယားအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားက မည်သည့်ဘာသာကိုမျှ ခွဲခြားဆက်ဆံခြင်းမရှိဘူးဟု ပြောဆိုပြီး ၎င်းတို့၏လုံခြုံရေးတပ်ဖွဲ့များက ခရစ်ယာန်များနှင့် မွတ်စလင်များကို တိုက်ခိုက်သည့် လက်နက် ကိုင်အဖွဲ့များကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

အမေရိကန်သည် နိုင်ဂျီးရီးယားတွင် အစ္စလာမ်မစ်နိုင်ငံတော်နှင့် ဆက်စပ်နေသည့် စစ်သွေးကြွများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ဒီဇင်ဘာလက ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဝါရှင်တန်သည် ဒရုန်းနှင့် တပ်ဖွဲ့ဝင် ၂၀၀ ကို ဖြန့်ကျက်ခဲ့သည်။ အနောက်အာဖရိကတစ်လွှား ပျံ့နှံ့နေသော အစ္စလာမ္မစ်နိုင်ငံတော်၊ အယ်လ်ကိုင်ဒါးနှင့်ဆက်စပ်သော ပုန်ကန်မှုများကို တိုက်ဖျက်ရန် နိုင်ဂျီးရီးယားစစ်တပ်အား လေ့ကျင့်ရေးနှင့် ထောက်လှမ်းရေးအကူအညီများ ပေးအပ်ရန်အတွက် တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍတွင်သာ လှုပ်ရှားဆောင်ရွက်နေကြောင်း နိုင်ဂျီးရီးယားစစ်ဘက်အရာရှိများက ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

Ref: channelnewsasia.com
ယနေ့ခေတ်

ISIS ဒုတိယခေါင်းဆောင်ကို ဖယ်ရှားလိုက်ပြီဟု ထရမ့်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.