ရန်ကုန်၊ မေ ၂၆
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့တော်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူဖော်ရန် တာဝန်ရှိသူများက လက်ကိုင်အသံချဲစက်ဖြင့် လိုက် လံနှိုးဆော်ကာ တိုက်ခန်းနေသူများထံမှ ကုန်ကျငွေကြေးများကို အချိုးကျကောက်ခံခြင်းများရှိနေကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူဖော်ရန် မြေညီထပ်တွင်နေထိုင်သူများကို တစ်ခန်းလျှင် ၁၅,၀၀၀ ကျပ်၊ အပေါ်ထပ်တွင်နေထိုင်သူများကို တစ်ခန်းလျှင် ၁၀,၀၀၀ ကျပ် ကောက်ခံခဲ့ကြောင်း သိရသည်။
“သူတို့ပြောတာတော့ ရက် ၁၀၀ ပြည့်အတွက် စီမံချက်အနေနဲ့ ရေမြောင်းတွေကို ရေစီးကောင်းအောင် အမှိုက်တွေကိုဖယ်ဖို့၊ ရေမြောင်းတွေတူးဖို့ဆိုပြီး စပီကာနဲ့လိုက်အော်ပြီးကောက်တာ။ ညနေပိုင်းလောက်က။ လုပ်တော့လုပ်ပြီးသွားပြီ။ ဒီလိုလုပ်တာက ကောင်းပါတယ်။ အခုဟာက စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကြောင့် ရေမြောင်းတွေကပိတ်ပြီး မိုးရွာတာနဲ့ လမ်းတွေပေါ် ရေလျှံတော့တာပဲ။ ဒါပေမဲ့ အခုဟာက ဘာမှတော့သိပ်မထူးပါဘူး။ ရေကမစီးသေးဘူး။ ဒီအတိုင်းက ဒီအတိုင်းပဲ။ မြေညီဆိုတစ်သောင်းခွဲ။ အလွှာတွေဆိုတစ်သောင်း ကောက်သွားတယ်။ တံခါပိတ်ထားတဲ့ တိုက်ခန်းတွေဆို ဒီနေ့ကောက်မသွားရရင် နောက်လာပြန်ကောက်တယ်။” ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယုဇနဥယျာဉ်မြို့တော်ရှိ မြေညီတိုက်ခန်းများတွင် နေထိုင်သူအများစုမှာ စျေးဆိုင်ခန်းများဖွင့်လှစ်ထားပြီး၊ အဆိုပါအခန်းများနှင့် ရေမြောင်းများမှာ ဆက်စပ်မှုများရှိနေခြင်းကြောင့် ရေမြောင်းများတူဖော်ပါက အခက်အခဲများရှိလာနိုင်ကြောင်း မြေညီထပ်နေသူများက ပြေကြားသည်။
“ရေမြောင်းတွေရှင်းဆိုလည်း တကယ်ရှင်း၊ မရှင်းသိချင်တယ်။ ငွေသာကောက်သွားတာ ရေးမြောင်းတွေက ဒီအတိုင်းပဲ။ လိုအပ်ရင် မြေညီတွေတိုက်ခန်းတွေက ကြမ်းခင်းတွေကို ဖောက်သင့်ရင်ဖောက်မယ်ဆိုတော့ မဖောက်စေချင်တဲ့အခန်းက ပိုက်ဆံပိုပေးလိုက်ရင် အဆင်ပြေရောလား။ အဲ့လိုမဖောက်ပဲထားတဲ့မြောင်းကနေ ပိတ်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်ပေးမှာလဲ သိချင်တယ်။ တချို့တိုက်ခန်းတွေမှာ လူမရှိတဲ့အခန်းတွေ၊ ငွေမရှိတဲ့အခန်းတွေလည်းရှိတာပဲ။ ကျွန်မတို့တိုက်အောက်ကရေမြောင်းဆို ဒီအတိုင်းက ဒီအတိုင်းပါပဲ။ ရေမြောင်းဖော်တဲ့နေ့ကျရင် ကြည့်နေမှာ သူတို့သေချာလုပ်လား မလုပ်လာဆိုတာကို။” ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်တစ်လုံးတွင် မြေညီနှစ်ခန်းအပါအဝင် တိုက်ခန်းစုစုပေါင်း ၁၀ ခန်းရှိပြီး၊ မြေညီတစ်ခန်းလျှင် ၁၅၀,၀၀ ကျပ်နှုန်းနှင့် အပေါ်ထပ်တစ်ခန်းလျှင် ၁၀,၀၀၀ ကျပ်နှုန်းကောက်ယူရာ တိုက်တစ်တိုက်လျှင် စုစုပေါင်း ပျမ်းမျှ ၁၁၀,၀၀၀ ကျပ် ကောက်ယူခဲ့ကြောင်း သိရသည်။
“ပြောတော့ အစိုးရရဲ့ ရက်တစ်ရာစီမံချက်ဆိုပြီး အစိုးရကလုပ်ပေးရမဲ့ကိစ္စကို ပြည်သူတွေဆီကနေ ကောက်ခံတာကျတော့ အဆင်ပြေတဲ့သူရှိသလို မပြေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ စည်ပင်ခွန်နဲ့ သန့်ရှင်းရေးခွန်က လစဉ်ပေးနေရတာလေ။ ဒီလိုအချိန်မှာ တစ်နေ့လုပ် တစ်နေ့စားနေရတဲ့သူတွေနဲ့ ကုန်စျေးနှုန်းတွေကတက်နဲ့ဆိုတော့ ဒီလိုငွေကြေးကောက်ခံပြီး လုပ်ဆောင်တဲ့အပေါ်မှာ အဆင်မပြေပါဘူး။ အပေါ်တစ်ခန်းကို တစ်သောင်း။ မြေညီကို တစ်သောင်းခွဲ တစ်တိုက်လုံးဆိုရင် စုစုပေါင်း တစ်သိန်းတစ်သောင်းရှိတယ်။ လမ်းတစ်လမ်းမှာ တိုက်ပေါင်းမနည်းဘူး။ တစ်တိုက်ကို တစ်သိန်းတစ်သောင်းနဲ့တွက်မယ်ဆိုရင် ကောက်ခံငွေက မနည်းဘူးရပါတယ်။ အဲ့လောက်ထိကုန်ကျနိုင်လို့လား။ သိချင်မိတယ်။” ဟု ယုဇနဥယျာဉ်မြို့တော်တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါငွေကြေးများကောက်ခံရာတွင် မြေညီအပါအဝင် တိုက်ခန်းအလွှာများတွင် နေထိုင်သူများ၏ သန်းခေါင်စာရင်း၊ ပုံစံ ၆၆ နှင့် ဧည့်စာရင်းစသည့် စာ ရွက်မိတ္တူများကို ပေးရကာ၊ ၎င်းတို့ ငွေကြေးကောက်ခံသည့် စာရင်းစာအုပ် တွင် လက်မှတ်ထိုးပေးရကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- #ယနေ့ခေတ်(မဖော်ရသေးသည့် ရေမြောင်းအချို့)
ယနေ့ခေတ်
ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ဆောင်ရန် တိုက်ခန်းနေသူများထံမှ ငွေကြေးကောက်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်