ရန်ကုန်၊ မေ ၂၆
၂၀၂၆ ခုနှစ်သို့ ရောက်ရှိလာတာနှင့်အမျှ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များသည်လည်း ဆက်လက်မြင့်မားနေကြောင်း UN WFP ၏ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များအရ လူဦးရေ ၁၆ သန်းကျော်သည် အကူအညီများလိုအပ်နေကြောင်း သိရသည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများမှာ ပဋိပက္ခများ၏ဒဏ်ကိုပါ ထိခိုက်ခံစားနေရပြီး၊ ကုန်ဈေးနှုန်းကြီးမြင့်တက်ခြင်းနှင့် အ သက်မွေးဝမ်းကျောင်းလုပ်ငန်းများပါ ထိခိုက်ပျက်စီးနေရပြီး နေ့စဉ်ရပ်တည်ရန် ခက်ခဲကြမ်းတမ်းလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်ကတော့ မြစ်ကြီးနားမှာ စစ်ရှောင်နေရတာပါ။ ဗန်းမော်မှာက တစ်မြို့လုံးထိခိုက်ပျက်စီးပါတယ်။ ကျွန်တော့်အိမ်တွေဆိုလည်း အကုန်ပါကုန်တာပါ။ အိမ်မှာ ကလေးသူငယ်တော့မရှိဘူး။ ပြန်လို့လည်းမရသေးဘူး။ စစ်ရှောင်လာတာ ၂၀၂၄ ထဲကဆိုတော့ တစ်နှစ်ကျော်တော့ကြာပါပြီ။ ပျက်စီးဆုံးရှုံးမှုတွေကတော့ လူတိုင်းလိုလိုခံစားရပါတယ်။ အနေအထိုင်တွေလည်း ပျက်သွားကြတာပေါ့။” ဟု မြစ်ကြီးနားမြို့ခံ စစ်ရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
WFP အနေနှင့် ရပ်ရွာလူထု ဒေသခံမိတ်ဖက်အဖွဲ့များနှင့်အတူ ပူးပေါင်းကာ ဝမ်းရေးဒုက္ခ လျော့ပါးစေရန်အတွက် အရေးတကြီးလိုအပ်နေသူများထံသွားရောက်ပြီး အကူညီများပေးနေကြောင်း World Food Programme မှ ထုတ် ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တစ်နိုင်ငံလုံးအနှံ့တွင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းကြောင့် လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရကြောင်း UN WFP ၏ မတ်လ ၁၈ ရက်က ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် OCHA Myanmar ၏ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်အရ လူဦးရေ ၃ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာပြီး၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ပိုမိုများပြားလာခဲ့ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-World Food Programme
ယနေ့ခေတ်
မြန်မာနိုင်ငံတွင် လူဦးရေ ၁၆ သန်းကျော် အကူအညီများလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်