ရန်ကုန်၊ မေ ၃၀
ယနေ့ မေလ ၃၀ ရက်၊ ညနေပိုင်းတွင် မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးလေဝသအခြေအနေ သိသာထင်ရှားစွာ ဆိုးရွားပြင်းထန်နိုင်ကြောင်း မိုး/ဇလ ပညာရှင်ဦးဝင်းနိုင်က မေ ၂၉ ရက်၊ ညနေပိုင်းက သုံးသပ်ထားသည်။
“ကပ္ပလီပင်လယ်ပြင်တစ်ခွင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားမျဉ်းများ ပိုမိုစိပ်လာပြီး လေဝဲအရှိန်ကြောင့် လှိုင်းကြီးခြင်းမှ လှိုင်းအလွန်ကြီးခြင်းများ ဖြစ်ပေါ်ပါမည်။ မိုးသက်လေပြင်းကျစဉ် ရုတ်တရက်လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ မြင့်တက်နိုင်ပြီး လှိုင်းအမြင့် ၃ မီတာ(၁၀ ပေခန့်) အထိ ရှိနိုင်ပါသဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများ ပင်လယ်ပြင်သို့ထွက်ခွာခြင်းမပြုရန် တိုက်တွန်းပါသည်။” ဟု ဦးဝင်းနိုင်က သုံးသပ်အကြံပြုထားသည်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းကြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မိုးရွာသွန်းနိုင်ပြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးး/ဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ကြိုတင်သတိပေး နှိုးဆော်ထားသည်။
နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – မိုး/ဇလ
ယနေ့ခေတ်
မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ယနေ့ညနေပိုင်း မိုးလေဝသအခြေအနေ သိသာထင်ရှားစွာ ဆိုးရွားပြင်းထန်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်