ရန်ကုန်၊ ဇွန် ၆
မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ယနေ့ညနေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဇုန် (ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ) တွင် ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့ ညနေပိုင်းအထိ မိုးအသင့်အတင့်မှ နေရာကွက်ကျား မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး၊ ကမ်းရိုးတန်းနှင့် ပင်လယ်ဝတစ်လျှောက်တွင် မိုးသက်လေပြင်းများတိုက်ခတ်နိုင်ကြောင်း မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ယနေ့ နေ့လည် ၁ နာရီ မိနစ် ၂၀ တွင် ထုတ်ပြန်ထားသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – မိုး/ဇလ
ယနေ့ခေတ်
တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်