ရန်ကုန်၊ ဇွန် ၂၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားကို ဓားနှင့်ထိုးကာ ဆိုယ်ကယ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၄ ရက်၊ ည ၇ နာရီကျော်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှ သင်္ဃန်းကျွန်းကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့်လိုက်ပို့ရာတွင် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးက ကယ်ရီမောင်းသမားကို ဓားနှင့်ထိုးပြီး ဆိုင်ကယ်လုယူခဲ့ကြောင်း သိရသည်။
“ခရေပင်လမ်းခွဲကနေ လူနှစ်ယောက်က ဆိုင်ကယ်ကယ်ရီ ငှါးစီးလာတာ။ ကျောင်းကြီး(၄)လမ်းအရောက်မှာ ဆိုင်ကယ်အနောက်က တစ်ယောက်က ဖိနပ်ကျွတ်ကျခဲ့လိုဆိုပြီး ဆိုင်ကယ်ကိုရပ်ခိုင်းတယ်။ ရပ်ပေးတဲ့အချိန်မှာ ဆိုင်ကယ်သမားကို ဓားနဲ့စထိုးတယ်။ ဆိုင်ကယ်သမားက ဓာနဲ့တော့မထိုးပါနဲ့ ဆိုင်ကယ်တော့ယူသွားပါလို့ပြောတယ်။ အဲ့ဒါကို နှစ်ယောက်ကဝိုင်းထိုးတယ်။ ဆိုင်ကယ်သမားက ပြတ်ရှဒဏ်ရာသုံးချက်နဲ့ ဒဏ်ရာတွေရတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဓားဒဏ်ရာများရရှိခဲ့သည့် ဆိုင်ကယ်ကယ်ရီသမားကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မြေပြင်ဆေးကုသမှုများ လုပ်ဆောင်ပေးပြီး၊ ၎င်း၏မိသားစုနှင့်ဆက်သွယ်ကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ကလည်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက်၊ ၆၁ လမ်း၊ ၁၂၂ လမ်းနှင့် ၁၂၃ လမ်းကြား၌ အမျိုးသား ၄ ဦးသည် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ပုလဲအရန်မီးသတ်
ယနေ့ခေတ်
မင်္ဂလာဒုံတွင် ဓားနှင့်ထိုးပြီး ဆိုင်ကယ်လု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်