နယူးဒေလီ၊ ဇွန် ၂၈
ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ဟောင်း ရှိတ်ဟာစီနာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံရပြီး လပေါင်းများစွာအကြာ ဇွန်လ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုအရ ယခုနှစ်အတွင်း နိုင်ငံသို့ ပြန်လာမည်ဟု ကတိပြုခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ဟာစီနာသည် ကျောင်းသားများဦးဆောင်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများက ၁၅ နှစ်ကြာ သူမ၏ သံလက်သီးကိုင်အုပ်ချုပ်မှုကို အဆုံးသတ်စေပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
နယူးဒေလီရှိ ပြည့်ကျပ်နေသော သတင်းစာကလပ်တစ်ခုတွင် ဇန်နဝါရီလက ရှားရှားပါးပါး မိန့်ခွန်းပြောကြားခြင်းမှလွဲ၍ သူမသည် အများပြည်သူရှေ့မှောက်တွင် မတွေ့ရတော့ပါ။
အိန္ဒိယရုပ်သံလိုင်း NDTV နှင့် အင်တာဗျူးတစ်ခုတွင် ဟာစီနာက သူမသည် သေခြင်းကိုမကြောက်ကြောင်းနှင့် သူမအပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် “တရားမဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော၊ နိုင်ငံရေးအရလှုံ့ဆော်မှုရှိသော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်မအပေါ် ပူးပေါင်းကြံစည်မှုများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ပူးပေါင်းကြံစည်မှုတိုင်းကို ဖောက်ထွက်နိုင်ခဲ့တာပါ။ ကျွန်မဟာ ပြည်သူတွေရဲ့မဲနဲ့ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရပြီး နိုင်ငံရဲ့ မကြုံစဖူးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ခဲ့ပါတယ်” ဟု ဟာစီနာက ပြောကြားခဲ့သည်။
“ကျွန်မ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အတားအဆီးတိုင်းနဲ့ ပူးပေါင်းကြံစည်မှုတိုင်းကိုကျော်လွှားပြီး ဒီနှစ်မှာ နိုင်ငံကိုကျွန်မပြန်သွားမှာပါ” ဟု သေဒဏ်ချမှတ်ခံရသော်လည်း ပြန်လာမည်လားဆိုသည့်မေးခွန်းကို ဖြေကြားရာတွင် သူမက ထပ်လောင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ဟာစီနာသည် ဒါကာတရားရုံးတွင် လှုံ့ဆော်မှု၊ သတ်ဖြတ်ရန်အမိန့်နှင့် ရက်စက်ကြမ်းကြုတ်မှုများကိုကာကွယ်ရန် မလုပ်ဆောင်ခြင်းတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ကြိုးမိန့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
တစ်ချိန်က နိုင်ငံ၏အလွန်ရေပန်းစားသော သူမ၏ပါတီဖြစ်သည့် ယခင်အာဏာရ Awami League ၏ လှုပ်ရှားမှုများကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။
ဝန်ကြီးချုပ် တာရစ် ရာမန်သည် ဖေဖော်ဝါရီလတွင် လူဦးရေ ၁၇၀ သန်းရှိသော တောင်အာရှနိုင်ငံ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြားဆက်ဆံရေး တိုးတက်လာခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ်သည် ဟာစီနာအားလွှဲပြောင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုနေသောကြောင့် ပဋိပက္ခများရှိနေဆဲဖြစ်သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းက ယခုနှစ်တွင် ဒါကာသို့ပြန်လာမည်ဟု ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်