ဘန်ကောက်မြို့က ဘားတစ်ခု မီးလောင် အနည်းဆုံး ၂၇ ဦး သေဆုံး

ဘန်ကောက်၊ ဇူလိုင် ၁၃

ဘန်ကောက်မြို့၊ ချတူချက်ခရိုင်ရှိ ဘားတစ်ခုတွင် ဇူလိုင် ၁၂ ရက်၊ တနင်္ဂနွေညနှောင်းပိုင်းက မီးလောင်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး၊ ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။

Soi Lat Phrao (1) လမ်းအနီးရှိ Lat Phrao လမ်းပေါ်ရှိ Rong Beer Na Ladprao ဘီယာဆိုင်တွင် တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၇ မိနစ်က စားသုံးသူများရှိနေချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးသတ်သမားများသည် မီး လောင်ကျွမ်းမှုကို နာရီဝက်ခန့်အတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) ၏အဆိုအရ သိရသည်။

မီးလောင်မှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး၊ ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၈ ဦးပါဝင်သည်။ ဒဏ်ရာရရှိသူ ၆၃ ဦးအနက် ၂၂ ဦးသည် အခြေအနေဆိုးရွားသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံ ၁၆ ရုံသို့ ပို့ဆောင်ခဲ့သည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်၊ ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ချတ် ဆစ်တီပန့်နှင့် DDPM အထွေထွေညွှန်ကြားရေးမှူးချုပ် တီရာပတ် ကချာမတ်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာ အနုတင်က သေဆုံးသူအများစုသည် မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ မီးလောင်မှုသည် စင်မြင့်ပေါ်က ဆားကစ်ဖြတ်တောက်စက်မှစတင်ခဲ့ပြီး ထို့နောက် မီးပျက်သွားကာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဘားမှဂီတသမားများ၏ ပြောကြားချက်ကို ကိုးကားပြီး အနုတင်က ဆိုသည်။

မီးတောက်များသည် မျက်နှာကြက်ပေါ်မှ အလှဆင်ပစ္စည်းများကတစ်ဆင့် အလျင်အမြန်ကူးစက်သွားပြီး မီးစွဲနေသည့် ပလတ်စတစ်များမှ အဆိပ်သင့်မီးခိုးများကို ရှူရှိုက်မိခြင်းဖြစ်သည်ဟု မစ္စတာ ချက်ချက်က ပြောကြားသည်။

တစ်ထပ်တိုက်တွင် ဖွင့်လှစ်ထားသည့် လိုင်စင်ရဘားတွင် ဂီတဖျော်ဖြေပွဲများပါဝင်ပြီး စားသုံးသူများကို အထဲသို့ဝင်ခွင့်ပြုထားကြောင်း၊ ပြီးခဲ့သည့်ဧပြီလတွင် သက်ဆိုင်ရာ၏ စစ်ဆေးမှု အောင်မြင်ခဲ့သည်ဟု သိရသည်။

အဆိုပါဘီယာဆိုင်သည် စားသုံးသူ ၆၀၀ မှ ၇၀၀ အထိ ညစဉ်လာရောက်လေ့ရှိကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူးက စားပွဲထိုးများကို ကိုးကားပြီး ပြောကြားသည်။

အုပ်ချုပ်ရေးမှူး၏အဆိုအရ မီးသည် မျက်နှာကြက်မှတစ်ဆင့် ရှေ့ဝင်ပေါက်ကို ကူးစက်သွားခဲ့သည်။ ထို့ကြောင့် စားသုံးသူများသည် အရေးပေါ်မီးသတ်ထွက်ပေါက်ရှိသည့် အ ဆောက်အဦ၏နောက်ဘက်သို့ ပြေးလွှားခဲ့ကြသည်။ အချို့သောစားသုံးသူများသည် မီးခိုးငွေ့များကြားတွင် အိမ်သာထဲသို့ မှားယွင်းကာ အပြေးအလွှားဝင်ရောက်ခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသူ အများအပြားသည် အိမ်သာထဲနှင့် မီးသတ်ထွက်ပေါက်ရှေ့တွင် မေ့မြောသွားခဲ့ပြီး အခြားနေရာများမှထွက်ပြေးလာသူများအတွက် ထွက်ပြေးရာလမ်းကြောင်းကို ပိတ် ဆို့ထားသလို ဖြစ်နေခဲ့သည်ဟု သိရသည်။

ဘန်ကောက်မြို့၏ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးညွှန်ကြားရေးမှူး ဆူရီယာချိုင်း ရာဝီဝမ်က ဆိုင်၏အနောက်ဘက်တွင် အရေးပေါ်ထွက်ပေါက်များရှိပြီး ထိခိုက်ဒဏ် ရာရသူများသည် အိမ်သာထဲသို့ မှားယွင်းစွာဝင်ရောက်သွားပုံရပြီး ကယ်ဆယ်ရေးသမားများသည် ၎င်းတို့ထံရောက်ရှိရန် အခက်အခဲရှိခဲ့ကြောင်း ပြောကြားသည်။

အစပိုင်းတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးတို့ ရုပ်အလောင်းခြောက်လောင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့မှာ အပီနန် ပန်ဆရီ၊ ပီဆာနု တန်ဆိုဖာ၊ ဆူဝစ်ချာ ဆီရီဆာလွန်၊ နီပါပွန် ဂျမ်ဂျိန်း၊ အချာရာပွန် ဆွတ်သီဆင်နှင့် ကနော့တစ် သီရိဆွတ်တို့ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

Ref: bangkokpost.com
ယနေ့ခေတ်

ဘန်ကောက်မြို့က ဘားတစ်ခု မီးလောင် အနည်းဆုံး ၂၇ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.