မနီလာ၊ ဇူလိုင် ၂၃
အာရှ၊ ဥရောပနှင့် မြောက်အမေရိကမှ ထိပ်တန်းသံတမန်များသည် ကြာသပတေးနေ့တွင် မနီလာ၌ကျင်းပသော လုံခြုံရေးကိုအဓိကထားသည့် အာဆီယံဒေသဆိုင်ရာဖိုရမ်အတွက် စုဝေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းတွင် ပြန်လည်ပြင်းထန်လာသော ရန်လိုမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် တောင်းဆိုမှုများထုတ်ပြန်ရန် ဝန်ကြီးများကမျှော်လင့်ထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကယ်လာ့စ်နှင့် တရုတ်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ ထိပ်တန်းအရာရှိများ တက်ရောက်မည့် မျက်နှာစုံညီပွဲတွင် အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုသည် ဆွေးနွေးမှုများကို လွှမ်းမိုးနိုင်သည်။
အရှေ့အလယ်ပိုင်းရေနံအပေါ် များစွာမှီခိုနေရပြီး အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် အကျိုးဆက်များကို ခံရနိုင်သည့် အဖွဲ့ဝင် ၁၁ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်းမှ လက်ခံကျင်းပသည့် စုဝေးပွဲတွင် စစ်ပွဲသည် အဓိကဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့သည်။

“ကမ္ဘာကြီးဟာ မငြိမ်မသက်မှုနဲ့ အသွင်ပြောင်းမှုကာလသစ်တစ်ခုကို ရောက်ရှိနေပါပြီ” ဟု တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟွာချွန်ယင်းက ကြာသပတေးနေ့က အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြားကျင်းပသော ဖိုရမ်အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။
“အရှေ့အလယ်ပိုင်းဒေသက အခြေအနေဟာ စွမ်းအင်နဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်တွေထဲကို ပျံ့နှံ့သွားပြီး လုံခြုံရေးနဲ့ ခံနိုင်ရည်ရှိမှုတွေ ပျက်ပြားသွားခဲ့ပါတယ်။ ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ လိုအပ်ချက်ဟာ ပိုပြီးအရေးတကြီးဖြစ်လာပါတယ်” ဟု သူမက ပြောကြားသည်။
အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် အမေရိကန်စစ်တပ်က ကြာသပတေးနေ့တွင် ၁၂ ညဆက် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ အီရန်နှင့်မဟာမိတ်ဖွဲ့ထားသည့် ဟူသီသူပုန်များကလည်း ဟော်မုဇ်ရေလက်ကြားနဲ့အတူ ပင်လယ်နီတွင် ကမ္ဘာ့ရေနံထောက်ပံ့မှုကို ဒုတိယအကြိမ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ပြဿနာက ဆွေးနွေးမှုတွေကို သူတို့ အလေးအနက်မထားတာပါ” ဟု ရူဘီယိုက အာဆီယံဝန်ကြီးများကို ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
ရူဘီယိုသည် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်နှင့်တွေ့ဆုံရန် စီစဉ်ထားပြီး ယူကရိန်းစစ်ပွဲကိုဆွေးနွေးမည်ဟု ပြောကြားခဲ့ပြီး ဝါရှင်တန်သည် ယင်းစစ်ပွဲကို အဆုံးသတ်ရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ရန် လေ့လာနေကြောင်း ဖြည့်စွက်ပြောကြားသည်။
မနီလာတွင် ဆွေးနွေးပွဲများ၏ နောက်ထပ် အဓိကကျသည့်အချက်တစ်ခုမှာ တောင်တရုတ်ပင်လယ်တွင် ဘေဂျင်းနှင့် အမေရိကန်မဟာမိတ် ဖိလစ်ပိုင်တို့အကြား ရေရှည်တင်းမာမှုဖြစ်ပြီး ဝါရှင်တန်သည် ဖိလစ်ပိုင်သင်္ဘောများ တိုက်ခိုက်ခံရပါက ကာကွယ်ရန် စာချုပ်ချုပ်ဆိုထားသည်။
နှစ်ပေါင်းများစွာ ပြည်မကြီးမှ ဝေးကွာသောနေရာတွင် အရေအတွက်များစွာဖြင့် ဖြန့်ကျက်ထားသော တရုတ်ကမ်းရိုးတန်းစောင့်တပ်သည် တနင်္လာနေ့က မနီလာသီးသန့်စီးပွားရေးဇုန်ရှိ အငြင်းပွားဖွယ် သန္တာကျောက်တန်းအနီးတွင် ဖိလစ်ပိုင်ရေတပ်သားများနှင့် ခဏတာရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစလုံးက သံအမတ်များကို အပြန်အလှန်ဆင့်ခေါ်ခဲ့ကြ သည်။
ဘေဂျင်းသည် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ EEZ အစိတ်အပိုင်းများကို ပိုင်းခြားထားသော မျဉ်းကြောင်းမှတစ်ဆင့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့၏အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုထားသည်။ တရုတ်နိုင်ငံ၏ ထိုတောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိဟုဆိုသော ၂၀၁၆ ခုနှစ် ခုံသမာဓိဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက အသိအမှတ်မပြုချေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဗုဒ္ဓဟူးနေ့က အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်ကို “ကျွန်ုပ်တို့၏ဘုံအိမ်” အဖြစ် ဖော်ပြခဲ့ပြီး ပူးပေါင်းဆောင် ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုသည် အဓိကဇာတ်ကြောင်းဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းနိုင်ငံများသည် “နိုင်ငံခြားအင်အားစုများ၏ လှုံ့ဆော်မှုကို တွန်းလှန်သင့်ပြီး၊ ပြဿနာဖြစ်စေရန် ပင်လယ်ကို အသုံးပြုသည့် တစ်ဦးချင်းနိုင်ငံများကို ဆန့်ကျင်သင့်ပြီး တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ၎င်းတို့၏ကိုယ်ပိုင်လက်ထဲတွင် ထိန်းသိမ်းရန် ဦးဆောင်မှုအနေအထားကို ခိုင်မာစွာယူသင့်သည်” ဟု တရားဝင်ကြေ ညာချက်တစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။
Ref: reuters.com
ယနေ့ခေတ်
အရှေ့တောင်အာရှ လုံခြုံရေးဖိုရမ်အတွက် ထိပ်တန်းသံတမန်များ စုဝေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်