ရန်ကုန်၊ ဩဂုတ် ၁၃
ရန်ကုန်မြို့အတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားနေခြင်းကြောင့် လမ်းဘေးရှိ ပျံကျစားသောက်ဆိုင်များကို ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က မြို့နယ်များတွင် လိုက်လံအသိပေးနှိုးဆော်ထားသည်။
ဩဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်အထိ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်သူစုစုပေါင်း ၁၈၂ ဦးရှိခဲ့ပြီး၊ ပြင်းထန်သည် ဝမ်းပျက်၊ ဝမ်းလျောရောဂါပိုးရှာဖွေတွေ့ရှိသူ ၅၄ ဦးရှိကြောင်း သိရသည်။ ရောဂါကြောင့် အသက် ၉၂ အရွယ် သက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုဖြစ်ပွားနေသည့် ဝမ်းပျက်၊ ဝမ်းလျောရောဂါကြောင့် ဆေးရုံများတွင် ထမင်းနှင့် ဟင်းလှူတန်းခြင်း၊ ပြင်ပအစားအသောက်များလှူတန်းခြင်တို့ကိုလည်း ယာယီပိတ်ထားကြောင်း ပရဟိတအလှူရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဝမ်းပျက်၊ ဝမ်းလျောဖြစ်ပွားနေသည့် အဓိကအကြောင်းရင်းမှာ ရေပိုက်လိုင်းများအတွင်း ညစ်ညမ်းမှုဖြစ်ကြောင်း ယာယီသုံးသပ်ထားပြီး၊ လသာနှင့် လမ်းမတော်မြိုနယ်ရှိ သောက်သုံးရေလိုင်းအားလုံးကို အရေးပေါ်စစ်ဆေး သန့်ရှင်းရေးပြုလုပ်ရန် သက်ဆိုင်ရာဌာနများထံ အထူးအရေးတကြီး တောင်းဆိုအပ်ပါသည်။” ဟု သာကေတမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အေးမြမြခိုင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထိုအပြင် ရေလိုင်းသည် တစ်ခုတည်းသောအကြောင်းရင်းမဟုတ်နိုင်သည့်အတွက် ရောဂါပျံ့နှံမှုပုံစံ၊ စားသောက်ကုန် ထောက်ပံ့မှုကွင်းဆက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုပါ ဆက်လက်သုတေသနပြု ဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထားသည်။
ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေခြင်းကြောင့် လမ်းမတော်နှင့် လသာမြိုနယ်တိုမှ ဝမ်းပျက်ဝမ်းလျောလူနာ ၁၀၀ ကျော်ကို ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနနှင့် စောင့်ကြည့်လူနာဌာနတွင် အရေးပေါ်ကုသပေးလျက်ရှိကြောင်း သိရသည်။ လူနာဦးရေဆက်လက်များပြားလာနိုင်သည့်အတွက် ဆေးရုံအနေဖြင့် GE case Tent ကိုလည်း ချက်ချင်းဖွင့်လှစ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများကို ရွေးချယ်စားသုံးရန်၊ အစာမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်သေချာဆေးကြောရန်၊ ပြုတ်ကျိုထားသောရေ သိုမဟုတ် တံဆိပ်ခတ်သန့်စင်ရေကိုသာ သောက်သုံးရန်၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသုံးရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညွန့်ကြားထားသည်။
ဝမ်းလျှောခြင်း၊ အန်ခြင်းစသော ရောဂါလက္ခဏာများခံစားရပါက အိမ်တွင်မနေဘဲ နီးစပ်ရာဆေးရုံ (သိုမဟုတ်) ဆေးခန်းသို့ ချက်ချင်းပြသရန်လိုအပ်ပြီး၊ ရေခဲများ၊ အသုပ်များ၊ လမ်းဘေးတွင်ရောင်းချသည့် အစားအစာများ၊ ချက်ပြုတ်ထားခြင်းမရှိသည့် အစားအစာများကို လုံးဝရှောင်ကြဉ်ရန်၊ မသန့်ရှင်းသောစားသောက်ဆိုင်များတွင် စားသုံးခြင်မပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးနှိုးဆော်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ယနေ့ခေတ်
ယနေ့ခေတ်
ဝမ်းပျက်၊ ဝမ်းလျောရောဂါများဖြစ်ပွားနေခြင်းကြောင့် လမ်းဘေးဈေးဆိုင်များယာယီပိတ်ရန် ညွှန့်ကြားထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်