စံရွှေလှ
တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လမ်းကြောင်းရရှိဖို့ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာ သိချင်ရင်၊ သူတို့ရဲ့ လက်ရှိ ကုန်သွယ်ရေးလမ်းကြောင်းအကြောင်းကို မဖြစ်မနေ ပထမဦးစွာ နားလည်ထားဖို့လိုပါတယ်။
တရုတ်ဟာ သူတို့ရဲ့ စွမ်းအင်နဲ့ စီးပွားရေး လိုအပ်ချက်တွေအတွက် လက်ရှိမှာ မလက္ကာရေလက်ကြား (Strait of Malacca) ကိုပဲ အဓိကအားကိုးအားထားပြုနေရတာပါ။ အရှေ့အ လယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကထွက်ရှိတဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တွေ တရုတ်ပြည်ရောက်ဖို့ဆိုရင် ဒီရေလမ်းကြောင်းကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ ဒါဟာ တရုတ်နိုင်ငံ ရေနံစိမ်းနဲ့ LNG လိုအပ်ချက် စုစုပေါင်းရဲ့ ၈၀% ခန့်အထိရှိတာပါ။
ဒါတင်မကသေးပါဘူး။ စက်မှုလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ သံရိုင်း၊ တိုက်တေနီယမ်နဲ့ အခြား သတ္တုရိုင်းတွေကို အာဖရိကနဲ့ အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်နိုင်ငံတွေက တင်သွင်းရာမှာလည်း ဒီလမ်းကြောင်းကတစ်ဆင့်ပါပဲ။ ပဲပုပ်၊ စားအုန်းဆီ၊ အစေ့အဆန်တွေနဲ့ အေးခဲအသား/ရေထွက်ကုန်စတဲ့ စိုက်ပျိုးရေးနှင့် စားသောက်ကုန်တွေ တင်သွင်းဖို့အတွက်လည်း ဒီလမ်းကိုပဲ စိတ်ချလက်ချ အားကိုးနေရတာဖြစ်ပါတယ်။
အကယ်၍များ ဒေသတွင်း စစ်မက်ဖြစ်ပွားမှု တစ်ခုခုကြောင့်ဖြစ်စေ၊ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်ရေတပ်တွေ (ဥပမာ- QUAD အဖွဲ့ဝင် အိန္ဒိယ၊ ဩစတြေးလျ) က မလက္ကာရေလက်ကြားကို ပိတ်ဆို့လိုက်ရင်ဖြစ်စေ၊ တရုတ်နိုင်ငံရဲ့ စက်မှုလက်မှုနဲ့ စစ်ရေးယန္တရားတစ်ခုလုံးအတွက် လိုအပ်တဲ့ စွမ်းအင်လောင်စာတွေဟာ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ပြတ်လပ်သွားနိုင်ပါတယ်။
နောက်တစ်ချက်က တရုတ်ရဲ့ လက်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဟာ ရှန်ဟိုင်း၊ ဂွမ်ဂျိုးစတဲ့ အရှေ့ဘက်ကမ်းရိုးတန်း ဆိပ်ကမ်းတွေကိုပဲ အဓိကအားပြုထားရတာပါ။ အကယ် ၍ တရုတ်နိုင်ငံအနောက်ဘက်ပိုင်း (ယူနန်၊ စိချွမ်း၊ ရှင်ကျန်း) တို့ကထွက်တဲ့ ကုန်ပစ္စည်းတွေကို အရှေ့ဘက်ကမ်းရိုးတန်းဆီ မိုင်ပေါင်းထောင်ချီ ပို့ဆောင်ပြီးမှ အိန္ဒိယသမုဒ္ဒရာဘက် သွားရမယ့်အစား၊ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက်သာရှိခဲ့ရင် ခရီးမိုင်ထောင်ပေါင်းများစွာ သက်သာသွားပါလိမ့်မယ်။ ကုန်စည်သယ်ယူစရိတ်နဲ့ ပို့ဆောင်ရေးအချိန်ကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်လို့ တရုတ်ထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းလည်း ပိုတိုးတက်လာမှာပါ။
ဒါ့အပြင် တရုတ်နိုင်ငံ အနောက်ဘက်ပိုင်းပြည်နယ်တွေဟာ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေလောက် စီးပွားရေးမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိခြင်းအားဖြင့် အဆိုပါ ပြည်နယ်တွေရဲ့ ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်ပြီး ဒေသတစ်ခုနဲ့တစ်ခု စီးပွားရေးကွာဟချက်ကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ကမ္ဘာ့အရေးအပါဆုံး ကုန်သွယ်ရေကြောင်းများထဲမှာပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာဘက်မှာ အခြေစိုက်စခန်း သို့မဟုတ် ဆိပ်ကမ်းသုံးစွဲခွင့်ရခြင်းအားဖြင့် တရုတ်ရေတပ်အတွက် စစ်ရေးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းနဲ့ စောင့်ကြည့်နိုင်စွမ်းတွေကိုပါ အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာဘက်ကို ထွက်ပေါက်ရဖို့အတွက် အားကြိုးမာန်တက် အကောင်အထည်ဖော်နေတဲ့ အဓိကလမ်းကြောင်းနှစ်ခုရှိလာပါတယ်။
၁။ မြန်မာနိုင်ငံလမ်းကြောင်း [The China–Myanmar Economic Corridor (CMEC)] ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရေနံ/သဘာဝဓာတ်ငွေ့ပိုက်လိုင်းများမှတစ်ဆင့် ယူနန်ပြည် နယ်သို့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ တရုတ်အတွက်အရေးအပါဆုံး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်။
၂။ ပါကစ္စတန်နိုင်ငံလမ်းကြောင်း [The China-Pakistan Economic Corridor (CPEC)] ဂွါဒါ (Gwadar) ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံအနောက်ဘက် ရှင်ကျန်းဒေသသို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်း။
ဒီလမ်းကြောင်းနှစ်ခုထဲမှာမှ ပါကစ္စတန်လမ်းကြောင်း (CPEC) ဟာ မြန်မာလမ်းကြောင်း (CMEC) ထက် စိန်ခေါ်မှုပိုမိုကြီးမားပြီး ခက်ခဲပါတယ်။
ဂွါဒါဆိပ်ကမ်းကနေ တရုတ်ပြည် ရှင်းကျန်းဒေသသို့ ဆက်သွယ်ရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅,၀၀၀ ကျော်မြင့်တဲ့ ကာရာကိုရမ် (Karakoram) တောင်တန်းတွေကို ဖြတ်သန်းရပါတယ်။ မြေပြိုမှု၊ ငလျင်နဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် လမ်းကြောင်းနဲ့ ပိုက်လိုင်းတွေကို ထိန်းသိမ်းရတာ အင်ဂျင်နီယာဆိုင်ရာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး ကုန် စည်ပို့ဆောင်စရိတ်လည်း အလွန်ကြီးမားပါတယ်။ ဘာလိုချီစတန် (Balochistan) ဒေသရှိ ခွဲထွက်ရေး လက်နက်ကိုင်များ (BLA) ကလည်း စီမံကိန်းနဲ့ တရုတ်နိုင်ငံသားတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ ဒါ့အပြင် တာလီဘန်နဲ့ အခြားစစ်သွေးကြွအဖွဲ့အစည်းတွေရဲ့ အန္တရာယ်ကြောင့် ပါကစ္စတန်စစ်တပ် လုံခြုံရေးတပ်ဖွဲ့ဝင် သောင်းနဲ့ချီပြီး သီးသန့်ချထားပေးရတာပါ။ ဒါ့အပြင် CPEC လမ်းကြောင်းဟာ အိန္ဒိယနဲ့ ပါကစ္စတန် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား (Gilgit-Baltistan) ဒေသကို ဖြတ်သန်းသွားရတာကြောင့် အိန္ဒိယက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး စစ်ပွဲဖြစ်ပွားပါက အိန္ဒိယစစ်တပ်ရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံရနိုင်ခြေလည်း အလွန်မြင့်မားနေပါတယ်။
မြန်မာလမ်းကြောင်းကတော့ ရခိုင်ရိုးမကို ဖြတ်ကျော်ရပေမဲ့ ဟိမဝန္တာတောင်တန်းကြီးတွေလောက် မမြင့်မားတဲ့အတွက် ပိုက်လိုင်းနဲ့ ရထားလမ်းတွေ တည်ဆောက်ဖို့ ပိုမိုလွယ်ကူပါတယ်။ မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေရှိပေမဲ့ လက်တွေ့မှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို တိုက်ရိုက်ပစ်မှတ်ထား ဖျက်ဆီးတာထက် ဒေသတွင်းထိန်းချုပ်မှုနဲ့ အခွန်အခကိစ္စတွေပေါ်မှာပဲ အဓိကအာရုံစိုက်ကြတာမို့ တရုတ်ရဲ့အကျိုးစီးပွားပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု နည်းပါးပါတယ်။ နောက်ပြီး မြန်မာလမ်းကြောင်းဟာ စက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ တရုတ်နိုင်ငံတောင်ပိုင်း/အလယ်ပိုင်းဒေသတွေနဲ့ ပိုမိုနီးကပ်ပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဆိုတာ ရိုးရိုးကုန်သွယ်ရေးလမ်းကြောင်းတစ်ခုမျှ မဟုတ်ဘဲ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရေရှည်ရပ်တည်နိုင်ရေး၊ စွမ်းအင်ပြတ်လပ်မှုအန္တရာယ်မှ ကာကွယ်ရေးနဲ့ ပထဝီနိုင်ငံရေးအရ အသာစီးရရှိရေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာမြောက် “သက်စောင့်ကြိုး” တစ်ခုဖြစ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
တရုတ်နိုင်ငံရဲ့ အစီအမံ လမ်းကြောင်းနှစ်ခုထဲမှာလည်း မြန်မာလမ်းကြောင်းဟာ မလက္ကာကိုရှောင်ကွင်းဖို့ ပထဝီအရ မဟာဗျူဟာပိုမြောက်သလို သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ စီးပွားရေးအရ စိန်ခေါ်မှုတွေ ပိုမိုနည်းပါးလှပါ တယ်။
ဒါတွေကို အသေအချာလေ့လာသုံးသပ်ကြည့်ရင် “မြန်မာက တရုတ်ကို လိုတာထက်၊ တရုတ်က မြန်မာကို လိုအပ်တာက ပိုမိုများပြားတယ်” ဆိုတာ သိသာ ထင်ရှားလှပါတယ်။ ထက်မြက်ပါးနပ်တဲ့ အစိုးရတစ်ရပ်သာဆိုရင်တော့ မြန်မာပြည်ရဲ့ ဒီပထဝီနိုင်ငံရေး အားသာချက်ကို တိုင်းပြည်တိုးတက်ရေးနဲ့ ပြည်သူ့အကျိုးအတွက် ထိရောက်စွာ အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။
စံရွှေလှ
၂၃ သြဂုတ်လ ၂၀၂၆
ယနေ့ခေတ်
တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်အိပ်မက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်