ရန်ကုန်၊ ဩဂုတ် ၂၄
မှော်ဘီမြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် ဓားထောက်၍ မော်တော်ယာဉ်များအား လုယက်သူလေးဦးကို သက်သေခံပစ္စည်းများနှင့်အတူဖမ်း ဆီးရမိခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်နေ တက္ကစီယာဉ်မောင်း ဦးအောင်စိုးသည် ဩ ဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းကားကိုငှားစီးသူ အမျိုးသားသုံးဦးကို တင်ဆောင်မောင်းနှင် လာစဉ် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြေစာရင်းတောရရိပ်သာ ဘုန်းကြီးကျောင်းမုခ်ဝအရောက်တွင် အဆိုပါအမျိုးသားသုံးဦးက ဦးအောင်စိုးကို ကပ်ကြေးဖြင့်ထောက်ပြီး ငွေကျပ်လေးသိန်း၊ Redmi note 5 အမျိုးအစားဖုန်းတစ်လုံးနှင့် မော်တော်ယာဉ်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဦးအောင်စိုး၏တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါသွားခဲ့သည့် သက်သေခံ YGN-1 DD-7113 TOYOTA SUCCEED တက္ကစီကားအား ဩဂုတ် ၂၁ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၅၂) ရပ်ကွက်၊ မဒကျေးရွာ၊ အောင်သပြေလမ်းဘေး၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်စုံစမ်းရာ ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းတွင် လုယက်မှုကျူးလွန်သူ တရားခံ သက်ပိုင်ဦး (ခ) ဝက်ကုန်း (၂၇) နှစ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့ နယ်၊ (၅၁) ရပ်ကွက်၊ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်ဦး (ခ) ဝက်ကုန်းနှင့်အတူ တက္ကစီယာဉ်များအား လုယက်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများဖြစ်သည့် လှိုင်ကျော်ထွန်း (ခ) ကျော်ကြီး၊ ဝေယံ (ခ) ဖိုးစည်နှင့် ဝေယံထွန်း (ခ) ဝေယံတို့ကို ယင်းနေ့မွန်းလွဲပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် ဩဂုတ် ၁၄ ရက်၊ ၁၇ ရက်နှင့် ၂၀ ရက်ကလည်း အလားတူ လု ယက်မှုများကျူးလွန်ခဲ့ကြကြောင်း သိရသည်။ တက္ကစီယာဉ်မောင်းများကို ဓားထောက်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ သက်ပိုင်ဦး (ခ) ဝက်ကုန်း၊ လှိုင်ကျော်ထွန်း (ခ) ကျော်ကြီး၊ ဝေယံ (ခ) ဖိုးစည်နှင့် ဝေယံထွန်း (ခ) ဝေယံတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ခေတ်
ဓာတ်ပုံ – MOI
မှော်ဘီနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် မော်တော်ယာဉ်များအား လုယက်သူလေးဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်