ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခါးစည်းခံနေရတဲ့ ပြည်သူတွေ

သွေး(စစ်ကိုင်း)

ပြည်သူတွေရဲ့ရှင်သန်မှုမှာ စားဝတ်နေရေးကဏ္ဍက အရေးပါတဲ့နေရာမှာ ပါဝင်နေပါတယ်။ အဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ဖို့ လိုအပ်သလို လုံခြုံဘေးကင်းစွာနေထိုင်သွားနိုင်ဖို့လည်း လိုအပ်နေတာပါ။ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းရဲ့ ဖိစီးမှုဒဏ်ကို ပြည်သူအများစု ခါးစည်းခံနေရတာ တွေ့မြင်နေရပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ဝန်းကျင်က ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆပေါင်းများစွာ မြင့်တက်နေတဲ့အတွက် ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတာ အမှန်တရားတစ်ခုပါပဲ။ အိမ်ရှင်မတွေအတွက် အစစအရာရာဈေးတက်တာက ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်နေပြီး ဈေးသွားရမှာတောင် မသွားချင်တဲ့အထိဖြစ်ရတယ်လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ မသဲသဲက ပြောပြပါတယ်။

“မိသားစု ၃ ယောက်ပဲရှိတာတောင် တော်တော်လေးချွေတာသုံးရတယ် အစ်မရေ။ ကျွန်မမှာ ကလေးတစ်ယောက်ပဲရှိလို့ တော်သေးတယ် မှတ်ရတယ်။ ဘာမေးလိုက်မေးလိုက် တက်ဈေးချည့်ပဲ။ ငါးဖယ်ခြစ်တစ်ဆယ်သား ၇,၅၀၀၊ ပုဇွန်တစ်ဆယ်သား ၅,၀၀၀၊ ကြက်သားတစ်ပိသာ ၃,၀၀၀၀ ကျော်ဆိုတော့ ဟင်းစားဖိုးနဲ့တင် မလွယ်ဘူး။ စားအုန်းဆီက အပြင်မှာ ၁၈,၀၀၀ ဈေးလေအစ်မရဲ့။ ပဲဆီကျပြန်တော့ တစ်ပိသာ ၂၅,၀၀၀၊ ဆန်ကလည်း ပေါ်ဆန်းအကောင်းစားဆို တစ်ပြည် ၈,၀၀၀၊ ၁၀,၀၀၀ ဝန်းကျင်ပဲ။ ညီမလေ တစ်ခါတစ်လေ ဈေးသွားချင်စိတ်တောင် ပျောက်နေတယ်”

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေရုံသာမက တချို့သော လူသုံးကုန်ပစ္စည်းတွေပါ ဝယ်မရဘဲ ပြတ်လပ်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ လူသုံးများတဲ့ Lux ဆပ်ပြာလို ဆပ်ပြာအမျိုးအစားမှာ အခဲလိုက်ဝယ်မရဘဲ အရည်ပဲဝယ်လို့ရသလို ဈေးနှုန်းလည်းကြီးမြင့်နေပါတယ်။ ပြည်ပကတင်သွင်းတဲ့ပစ္စည်းမဆိုထားနဲ့ ပြည်တွင်းမှာပဲထုတ်လုပ်တဲ့ ၉၀၀ ဂရမ်ရှိတဲ့ Rainbow အဝတ်လျှော်ဆပ်ပြာခရင်မ်တစ်ဘူးဟာ လွန်ခဲ့တဲ့ ၅ နှစ်က ၂၀၀၀ ကျပ်မပြည့်ဘဲ ဝယ်ရခဲ့ပေမဲ့ လက်ရှိအချိန်မှာ ၈,၀၀၀ ကျပ်အထိ ပေးဝယ်နေရပါတယ်။

သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ အဝတ်လျှော်ခရင်မ်၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာရည် စတဲ့လူသုံးကုန်တွေ ဈေးတက်မှုက ဝင်ငွေနည်းလူတန်းစားအပေါ် အများကြီးထိခိုက်စေပါတယ်။ ဆိုက်ကားနင်းရတဲ့ အနှေးယာဉ်လုပ်သားတစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေဟာ အလွန်ဆုံး ၁၅,၀၀၀ ကျပ်ပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီဝင်ငွေပမာဏဟာ သူ့မိသားစုကို ဖူလုံအောင်ကျွေးမွေးနိုင်တဲ့ ပမာဏမဟုတ်ပါဘူး။ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေရဲ့ တစ်နေ့တာလုပ်ခလစာက ၇,၈၀၀ ကျပ်ပဲရှိပါတယ်။ သူတို့အတွက် ဒီဝင်ငွေဟာ စုမိဆောင်းမိဖို့မဆိုထားနဲ့ စားဖို့သောက်ဖို့တောင် မလွယ်ကူတဲ့ အနေအထားဖြစ်နေပါတယ်။

ကန်စွန်းရွက်တစ်စည်းကို အနည်းဆုံး ၁,၂၀၀ ကျပ်ပေးရတဲ့အတွက် မိသားစုများရင် ကန်စွန်းရွက်ဖိုးချည့် တစ်နေ့ကို ၅,၀၀၀ ကျပ်ကျော် ကုန်ကျမှာပါ။ အရင်တုန်းက ကြက်ဥတစ်လုံးအတွက် ကျသင့်ငွေဟာ ၁၀၀ ကျပ်ပဲရှိတဲ့အတွက် ဈေးနှုန်း ၇ ဆ၊ ရာခိုင်နှုန်းအားဖြင့် ၇၀၀ ရာခိုင်နှုန်းထိ တက်သွားတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲသွားစေပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ လူတန်းစားကွာဟမှုကို မဖြစ်မနေထည့်သွင်းပြောဆိုရမှာပါ။ လူတစ်စုရဲ့ ချမ်းသာမှုက မုန့်ဟင်းခါးတစ်ပွဲ ၃၀,၀၀၀ ကျော်ထိပေးပြီး စားသောက်နိုင်သလို ဈေးကြီးတဲ့စားသောက်ဆိုင်တွေမှာ တစ်ရက်တည်းနဲ့ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းထိပေးပြီး စားသောက်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို သုံးဖြုန်းစားသောက်နိုင်တဲ့ လူတန်းစားဟာ နိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းတောင် မရှိနိုင်ပါဘူး။ ဒါ့အပြင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပေါက်ဈေးထက် အများကြီးပိုပေးပြီး ဈေးကစားဖို့သက်သက်ဝယ်ယူသူတွေ ရှိနေတဲ့အ တွက်ကြောင့် အခြေခံလူတန်းစားတွေဟာ အိမ်ပိုင်၊ ယာပိုင်နဲ့နေထိုင်ရဖို့ ပိုဝေးသွားရတာဟာ တရားမျှတမှုမရှိပါဘူး။

ရန်ကုန်လိုမြို့ပြမှာ အိမ်ငှားခတွေ အဆမတန်မြင့်တက်မှုက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ မြို့တွင်း ၆ မြို့နယ်မှာ တိုက်ခန်းငှားရမ်းခဈေးတွေ ကြောက်ခမန်းလိလိမြင့်တက်နေသလို သာကေတ၊ ဒေါပုံလို မြို့တွင်းနဲ့နီးတဲ့ မြို့နယ်တွေမှာပါ မြင့်တက်နေပါတယ်။ ပဉ္စမထပ်၊ စတုတ္ထထပ်လို အလွှာမြင့်တိုက်ခန်းတွေရဲ့ ငှားရမ်းခဟာ အနည်းဆုံး ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ဖြစ်နေတာပါ။ တစ်လဝင်ငွေ ၁၀ သိန်းရသူဆိုရင်တောင် အိမ်ငှားခမှာတင် သူ့ဝင်ငွေတော်တော်များများ သုံးစွဲလိုက်ရတဲ့သဘော ဖြစ်နေပါတယ်။

အိမ်လခတွေသာမက ဆိုင်ခန်းငှားရမ်းခတွေပါ လိုက်လံမြင့်တက်လာနေတဲ့အတွက် စားသုံးသူပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ကျောက်တံတားမြို့နယ်က လမ်းသွယ်တွေမှာ ဆိုင်ခန်းငှားရမ်းခက တစ်လကို အနည်းဆုံး သိန်း ၂၀ ထိရှိနေပါတယ်။ နေရာပေါ်မူတည်ပြီး ဆိုင်ခန်းငှားရမ်းခ တစ်လသိန်းရာချီပေးနေရတာတွေလည်း ရှိပါတယ်။ အဲဒီလို ဈေးကြီးပေးပြီး ငှားရမ်းရတဲ့အတွက် လက်ဖက်ရည်တစ်ခွက်ကို ၂,၅၀၀ ကျပ်၊ နန်းကြီးသုပ်တစ်ပွဲကို ၅,၀၀၀၊ ၆,၀၀၀ ကျပ်၊ ထမင်းနဲ့ဟင်း တစ်ခါစား ၁၀,၀၀၀ ကျပ်အထိ ရောင်းချလာကြတာပါ။ ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့တောင် မလွယ်ကူတဲ့အနေအထားဖြစ်သွားတာ စိတ်မကောင်းစရာပါ။

စားဝတ်နေရေးကျပ်တည်းသထက် ကျပ်တည်းလာတဲ့အတွက် တစ်ဖက်ကလည်း ရာဇဝတ်မှုတွေ ထူပြောလာနေပါတယ်။ ပြည်သူတွေဟာ လမ်းပေါ်ထွက်ရင်လည်း မလုံခြုံသလို ကိုယ့်အိမ်မှာကိုယ်နေလည်း လုံခြုံမှုမရှိတဲ့အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ တစ်ယောက်တည်နေသူရဲ့အိမ်ကို ဝင်ရောက်ခိုးယူပြီး ပစ္စည်းယူရုံသာမက လူကိုပါသတ်ဖြတ်သွားတာတွေရှိလာသလို ညမှောင်စပျိုးချိန်မှာ ပိုက်ဆံအိတ်လုယက်တာ၊ ဆွဲကြိုးဖြတ်လုတာတွေလည်း ရှိပါတယ်။ တက္ကစီငှားစီးရင် ကားမောင်းသူက ယာဉ်ပေါ်မှာပါတဲ့ခရီးသည်ကို လုယက်တာရှိသလို ခရီးသည်က ယာဉ်ကိုလုယက်ပြီး ယာဉ်မောင်ကိုသတ်ဖြတ်တာတွေလည်း ရှိပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အတော်တော်များပြားပါတယ်။ တစ်ဦးချင်းဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်းကတက်ပြီးရင်း တက်နေရင် ပြည်သူတွေရဲ့ဘဝ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ နိုင်ငံရေးအခြေအနေ အပြောင်းအလဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ များပြားလာနေသလို အမျိုးသမီး နဲ့ ကလေးငယ်တွေဟာ အစားအစာကိုတောင် ဝဝလင်လင်မစားသောက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်လိုက်တဲ့ နောက်ဆုံးအစီရင်ခံစာအရ လူဦးရေ ၁၂ . ၄ သန်းဟာ အစားအစာဖူလုံမှုမရှိတဲ့အနေအထား ရင်ဆိုင်နေရပြီး လူဦးရေ ၁ သန်းခန့်ဟာ အရေးပေါ်လိုအပ်တဲ့အဆင့်ကို ရောက်ရှိနေတယ်လို့သိရပါတယ်။ လောင်စာဆီဈေးတွေ မြင့်တက်ခြင်းနဲ့ ရေကြီး၊ ရေလျှံမှုလို သဘာဝဘေးအန္တရာယ်တွေဟာလည်း ကုန်ဈေးနှုန်းကြီးမြင့်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီး တစ်ဦးချင်းဝင်ငွေတိုးလာအောင် တာဝန်ရှိသူတွေဘက်က လုပ်ဆောင်ပေးသင့်သလို လောင်စာဆီဈေးနှုန်း တည်ငြိမ်အောင် လုပ် ဆောင်ပေးသင့်ပါတယ်။ သက်သာတဲ့ဈေးနဲ့ ငှားရမ်း၊ ဝယ်ယူနေထိုင်နိုင်တဲ့ တန်ဖိုးနည်းအိမ်ယာတွေကို အရှိန်အဟုန်နဲ့ ဖော်ဆောင်ပေးရမှာပါ။ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင် ပြေပြီး ရာဇဝတ်မှုတွေ လျော့ပါးတဲ့နိုင်ငံဖြစ်မှသာ နိုင်ငံရဲ့ဂုဏ်သိက္ခာ မြင့်မားလာမှာလည်း ဖြစ်ပါတယ်။

သွေး(စစ်ကိုင်း)
ယနေ့ခေတ်
ဓာတ်ပုံ – flickr.com

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခါးစည်းခံနေရတဲ့ ပြည်သူတွေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.