နီပေါနိုင်ငံတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော လုပ်သားများကို ဆက်လက်ကယ်ဆယ်ရန် ကြိုးပမ်းနေ

ခတ္တမန္ဒူ၊ ဩဂုတ် ၃၁

နီပေါကယ်ဆယ်ရေးသမားများသည် ရှာဖွေရေးလုပ်ငန်းများ ခြောက်ရက်မြောက်နေ့သို့ ဝင်ရောက်လာချိန်တွင် ရေကြီးရေလျှံမှုများကြောင့် ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည်ဟု ယုံကြည်ရသော ရေအားလျှပ်စစ်လုပ်သားများစွာကို ကယ်ဆယ်ရန် ကြိုးပမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အရာရှိများက တနင်္လာနေ့တွင် ပြောကြားသည်။

ကယ်ဆယ်ရေးသမားများသည် ဥမင်လိုဏ်ခေါင်းနှစ်ခုမှ သေဆုံးသူအလောင်းသုံးလောင်းကို ဆွဲထုတ်ခဲ့ပြီး ရွှံ့များဖြင့်ဖုံးလွှမ်းနေသော လမ်းကြောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ပိတ်မိနေသည်ဟု စိုးရိမ်ရသူများနှင့် အဆက်အသွယ်မရရှိသေးသော်လည်း အစိုးရက အလုပ်သမား ၁၀၀ ကျော်သည် ဥမင်လိုဏ်ခေါင်းများစွာအတွင်း အသက်ရှင်နေနိုင်သေးကြောင်း ပြောကြားသည်။

အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ အဆိုအရ ဗုဒ္ဓဟူးနေ့နံနက်တွင် ရွှံ့နှင့် အပျက်အစီးများပြိုကျပြီးကတည်းက ၎င်းတို့သည် ပျောက်ဆုံးနေသော ရေအားလျှပ်စစ်လုပ်သား ၉၃၃ ဦးတွင် ပါဝင်သည်ဟု ဆိုသည်။

အထက်ထရီရှူလီ ၃-အေ (Upper Trishuli 3A) စီမံကိန်းနေရာတွင် ကယ်ဆယ်ရေးသမားများသည် ရွှံ့နွံများပိတ်ဆို့နေသည့် ဥမင်လိုဏ်ခေါင်း၏ အပေါ်ဘက်အပိုင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး ၎င်းအတွင်းသို့ လေများမှုတ်သွင်းပေးခဲ့ကာ အောက်ခြေသို့ ဆက်လက်တူးဖော်ရန် လွန်တူးစက်များနှင့် မြေတူးစက်များကို အသုံးပြုခဲ့ကြသည်။

“အဖွဲ့ဝင်များသည် ကြိုးများကိုအသုံးပြု၍ ဆင်းသက်ပြီး အထဲတွင်ရှိနေသူများကို အော်ဟစ်သောအခါ တုံ့ပြန်မှုမရှိခဲ့ပါ” ဟု ဝန်ကြီးချုပ် ဘလန်ဒရာရှားက တနင်္ဂနွေနေ့ညတွင် ထပ်မံပြောကြားသည်။

နီပေါတပ်မတော်က တနင်္လာနေ့နံနက်တွင် “ဥမင်လိုဏ်ခေါင်းအတွင်းမှ ရေ၊ ရွှံ့နှင့် အနည်အနှစ်များကို ရှင်းလင်းရန်” ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားသည်။

အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေး အထူးအဖွဲ့များသည်လည်း ကူညီပေးနေကြသည်။

အခြားနေရာတစ်ခုဖြစ်သော အထက်ထရီရှူလီ ၁-အေ (Upper Trishuli 1A) တွင် တရုတ်အဖွဲ့တစ်ဖွဲ့သည် “ဥမင်လိုဏ်ခေါင်းထဲသို့ မီတာ ၃၀၀ (ပေ ၉၈၄) ခန့် ဝင်ရောက်ရှာဖွေခဲ့ပြီး အလောင်းတစ်လောင်းကို ပြန်လည်ဆယ်ယူခဲ့သည်” ဟု နီပေါတပ်မတော်က ပြောကြားသည်။

အိန္ဒိယအဖွဲ့များချထားရာ Chilime Hydro ဥမင်လိုဏ်ခေါင်းတွင် ကယ်ဆယ်ရေးသမားများသည် အထဲသို့ မီတာ ၁၀၀ အတွင်း ဝင်ရောက်ခဲ့သော်လည်း ပိတ်ဆို့နေကြောင်း ပြောကြားသည်။

“အထဲမှာ ပိုဝေးတဲ့နေရာမှာ ရွှံ့နဲ့မြေတွေပဲ ဖုံးလွှမ်းနေတယ်” ဟု ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။ “ကယ်ဆယ်ရေးလုပ်ငန်းအတွင်း အလောင်းနှစ်လောင်းကို ပြန် လည်ဆယ်ယူခဲ့သည်။”

ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်များတွင် တောင်တက်သမားများကို ပုံမှန်ကူညီပေးနေသော နီပေါကျွမ်းကျင်သူ တောင်တက်ကယ်ဆယ်ရေးအဖွဲ့များလည်း ပါဝင်လျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ပြီး တံတားများပျက်စီးသွားခဲ့သည့်အပြင်၊ ဆိုးရွားလှသော ရေကြီးမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် လူပေါင်းသောင်းနှင့်ချီသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်။

“ကျွန်ုပ်တို့သည် ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပါသည်” ဟု လက်နက်ကိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နီတရာ ဘာဟာဒါ ကာကီက AFP သို့ ပြောကြားသည်။

“ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခုဆိုရင် ကုန်းလမ်းကနေဖြစ်စေ၊ ရဟတ်ယာဉ်တွေနဲ့ဖြစ်စေ ဒေသအများစုဆီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ဦးစားပေးလုပ်ငန်းကတော့ ပြည်သူတွေကို ကယ်ဆယ်ဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးပဲဖြစ်ပါတယ်”

နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့က ရေအားလျှပ်စစ်စက်ရုံ ၁၁ ခုနှင့် နေရောင်ခြည်စွမ်းအင်စက်ရုံတစ်ခု စုစုပေါင်း ၄၃၁.၁ မဂ္ဂါဝပ်သည် ရပ်တန့်သွားကြောင်း နိုင်ငံ၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည်၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြောကြားသည်။

ထို့ပြင် လျာထားစွမ်းရည် မဂ္ဂါဝပ် ၄၇၀ ရှိပြီး တည်ဆောက်ဆဲဖြစ်သော အခြားလျှပ်စစ်ဓာတ်အားပေးစီမံကိန်း ၁၅ ခုလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

Ref: bangkokpost.com
Photo: apnews.com
ယနေ့ခေတ်

နီပေါနိုင်ငံတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော လုပ်သားများကို ဆက်လက်ကယ်ဆယ်ရန် ကြိုးပမ်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.