ရန်ကုန်၊ ဩဂုတ် ၃၁
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုင်းခွန်အာကာက ၎င်း၏လူမှုကွန်ရက်တွင် ယနေ့ နေ့လည် ၁ နာရီကျော်က ရေးသားထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ကာလှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလမှ ယနေ့ နေ့လည် ၂ နာရီက ထုတ်ပြန်ထားသည်။
ထို့အပြင် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၉ ပေခန့်အလိုတွင်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – မိုး/ဇလ
ယနေ့ခေတ်
စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးကြီးနိုင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်