ရန်ကုန်၊ စက်တင်ဘာ ၁
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ဆီဘောက်ဆာကားနှင့် ကွန်တိန်နာတစ်စီး ဝင်တိုက်မှုကြောင့် နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်၊ နံနက် ၆ နာရီခန့်က၊ တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ရန်ကုန်မှ မန္တလေးသို့မောင်းနှင်လာသည့် ဆီဘောက်ဆာကားနှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသည့် ကွန်တိန်နာတစ်စီး ဝင်တိုက်မိကာ မီးလောင်းမှုဖြစ်ပွားပြီး၊ နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ဆီဘောက်ဆာကားက ရန်ကုန်ဘက်ကနေလာတယ်။ တွဲကားက မန္တလေးဘက်ကလာတယ်။ တွဲကားက ပထမဦးဆုံးစပြီးမှောက်တာ။ မှောက်ပြီးတော့ ဆီဘောက်ဆာကားကို ပွတ်တိုက်တာ။ ပွတ်မိတော့ မီးစထွက်ပြီးလောင်တာ။ ကားထဲမှာလည်း ဆီအပြည့်ပါတယ်။ နေအိမ်တစ်လုံးပါတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းက အခြမ်းတစ်ခြမ်းတော့ပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံမှုကများတော့များမယ်။” ဟု ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်ကျွမ်းခဲ့သည့် ဆီဘောက်ဆာယာဉ်တွင် ဓာတ်ဆီဂါလံပေါင်း ၉၆၀၀ ပါဝင်ကြောင်း သိရသည်။
“ကားတစ်စီးလုံးမှာ ဓာတ်ဆီဂါလံပေါင်း ၉၆၀၀ ပါဝင်ပါတယ်။ ကားတစ်စီးလုံးကဆီတွေကတော့ ဆုံးရှုံးသွားပါတယ်။ တန်ဖိုးငွေကတော့ မတွက်ရသေးပါဘူး။ တောင်ငူမှာတော့ မီးလောင်မှုက ၈ လပိုင်းထဲတော့ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု တောင်ငူမြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည် နံနက် ၅ နာရီ၊ ၅၅ မိနစ် တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၇ နာရီ မိနစ် ၃၀ တွင်မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များနှင့် ဒေသ ခံလူမှုကူညီးရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၂ နာရီကျော်ကလည်း တောင်ငူမြို့ (၁၉) ရပ်ကွက်၊ မြင်းဖြူအင်နား ကရင်စျေးအနီးတွင် ခြင်းဆေးထွန်းရာမှတဆင့် နေအိမ်ငါးလုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-MFSD
တောင်ငူမြို့တွင် ဆီဘောက်ဆာကားနှင် ကွန်တိမ်နာကားတိုက်မိ နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်း မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်