သမိုင်းဝင် အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာတွင် ရှားပါးဆိုင်ကလုန်းမုန်တိုင်းများ ဆက်တိုက်ဖြစ်ပေါ်နေ

ဝါရှင်တန်၊ စက်တင်ဘာ ၃

ဗုဒ္ဓဟူးနေ့တွင် အင်အားပြင်း ဟာရီကိန်းနှစ်ခုနှင့် ပိုမိုအားကောင်းသော အပူပိုင်းမုန်တိုင်းတစ်ခုက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းတိုက်ခတ်နေပြီး သမိုင်းတစ်လျှောက် အားအ ကောင်းဆုံး အယ်လ်နီညိုရာသီဥတုကြောင့် ပင်လယ်ရေများ ပူနွေးလာနေသည်။

အနောက်ဘက်အကျဆုံးတွင် ဟာရီကိန်း ‘လိုဝဲလ်’ ရှိနေပြီး၊ ၎င်းနောက်တွင် ဟာရီကိန်း ‘ကာရီနာ’ ရှိနေသည်။ အမျိုးသားဟာရီကိန်းဗဟိုဌာန (NHC) ၏အဆိုအရ အဆင့် ၄ ရှိ ဤမုန်တိုင်းကြီး နှစ်ခုစလုံးသည် ဟာဝိုင်အီကျွန်း၏ တောင်ဘက်နှင့် မြောက်အရှေ့ဘက်အသီးသီးကို အဝေးမှဖြတ်ကျော်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

သို့သော် လိုဝဲလ်သည် ကျွန်းစု၏ အနောက်ဘက်အစွန်ဆုံးကျွန်းများအနီးသို့ ဖြတ်သန်းသွားနိုင်ဖွယ်ရှိသောကြောင့် မသေချာမှုများ ရှိနေဆဲဖြစ်သည်။

ဟာဝိုင်အီသည် ပြီးခဲ့သည့်လက ဘစ်ကျွန်း၏တောင်ဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖျက်ဆီးတတ်သောလေပြင်းများနှင့် ပြင်းထန်သောရေကြီးမှုများ ဖြစ်ပေါ်စေခဲ့သော ဟာရီကိန်း လာလာ၏ သက်ရောက်မှုများမှ ပြန်လည်ကောင်းမွန်လာနေဆဲဖြစ်သည်။

လိုဝဲလ်နှင့် ကရီနာတို့သည် လက်ရှိတွင် ဘာဂျာ ကယ်လီဖိုးနီးယား၏တောင်ဘက် မိုင်ရာဂဏန်းအနည်းငယ်အကွာတွင် အပူပိုင်းမုန်တိုင်း မာရီ၏ အရှေ့ဘက်သို့ ရွေ့လျားနေပြီး “ယနေ့နှောင်းပိုင်းတွင် ဟာရီကိန်းဖြစ်လာမည်ဟု ခန့်မှန်းရသည်” ဟု NHC က ပြောကြားသည်။

“အယ်လ်နီညိုကြောင့် ရေပြင်ပူနွေးလာမှုက ဒီမုန်တိုင်းတွေဖြစ်ပေါ်ဖို့ လမ်းစခင်းပေးလိုက်တာဖြစ်ပြီး၊ ပင်လယ်ရေပြင်ပူနွေးမှုကပဲ မုန်တိုင်းတွေကို အဓိကအားကောင်းစေတာဖြစ်ပါတယ်။ အပူပိုင်းပစိဖိတ်သမုဒ္ဒရာက ပုံမှန်ထက်ပိုပူနွေးလာတဲ့အခါ အားကောင်းတဲ့မုန်တိုင်းတွေ ပိုများလာတာကို တွေ့ရတတ်ပါတယ်၊” ဟု မီချီဂန်တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင် ဂျူလီယာကိုးလ်က AFP သတင်းဌာနသို့ ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်းသုံးခု ဆက်တိုက်ဖြစ်ပေါ်နေခြင်းမျိုးမှာ “တကယ့်ကို မြင်တွေ့ရခဲပါတယ်၊” ဟုလည်း သူမက ဆက်လက်ပြောဆိုသည်။

အလားတူ ဆိုင်ကလုန်းမုန်တိုင်းလေးခု ချက်ချင်းတန်းစီဖြစ်ပေါ်မှုမျိုးသည်လည်း အားကောင်းသောအယ်လ်နီညိုနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ဖူးပြီး၊ ထိုစဉ်က တိုင်ဖုန်း ‘ကီလို’၊ ဟာရီကိန်း ‘အစ်ဂ်နက်စီယို’၊ ဟာရီကိန်း ‘ဟီမေနာ’နှင့် အပူပိုင်းမုန်တိုင်းငယ် ‘14E’ တို့ ပစိဖိတ်သမုဒ္ဒရာကို တစ်ပြိုင်တည်း ဖြတ်ကျော်ခဲ့ကြသည်။

“ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလအတွင်းမှာ ရာသီဥတုစနစ်ဟာ သိသိသာသာကို ပိုမိုပူနွေးလာခဲ့ပါတယ်၊” ဟု မိုင်ယာမီတက္ကသိုလ်မှ လေထုသိပ္ပံပညာရှင် ဘင်ဂျမင် ကာ့တ်မန်းက ပြောကြားသည်။

ရေပြင်ပူနွေးမှုသည် မုန်တိုင်းများအတွက် လောင်စာဖြစ်စေပြီး၊ အယ်လ်နီညိုကြောင့် လေထုအပေါ် သက်ရောက်မှုသည် ပစိဖိတ်သမုဒ္ဒရာအထက်တွင် ဒေါင်လိုက်လေညှပ်ပြတ်အား (vertical wind shear) နည်းပါးသွားစေသဖြင့် ဟာရီကိန်းမုန်တိုင်းများ ပိုမိုအားကောင်းလာရန် အခြေအနေကောင်းများကို ဖန်တီးပေးသည်။

“တခြားနည်းနဲ့ တင်စားပြောရရင်တော့ အခုလောလောဆယ် အပြင်မှာမုန်တိုင်းဖြစ်ဖို့ အခြေအနေတွေ အဆင်သင့်ဖြစ်လွန်းနေတာပါပဲ၊” ဟု ၎င်းက AFP သ တင်းဌာနသို့ ပြောကြားသည်။

ထို့အပြင် ပင်လယ်ရေမျက်နှာပြင်အပူချိန် ကမောက်ကမဖြစ်မှု (ပုံမှန်ပျမ်းမျှအပူချိန်ထက် သမုဒ္ဒရာရေပြင် မည်မျှပိုမိုပူနွေးလာသည်ဟူသောအချက်) သည် ပစိဖိတ်ဟာရီကိန်းရာသီ အလယ်တည့်တည့်ကာလမှာပင် စံချိန်တင်မြင့်မားလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ကာ့တ်မန်းက ရှင်းလင်းပြောကြားသည်။

ယခုနှစ် အယ်လ်နီညိုသည် မှတ်တမ်းတင်ထားသော အပြင်းထန်ဆုံးဖြစ်လာရန် ၆၉ ရာခိုင်နှုန်း အခွင့်အလမ်းရှိကြောင်း အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန၏အဆိုအရ သိရပြီး အောက်တိုဘာ၊ ဒီဇင်ဘာလအထိ အထွတ်အထိပ်သို့ မရောက်နိုင်သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် အစွန်းရောက်ရာသီဥတုကို ဖြစ်ပေါ်စေနေပြီဖြစ်သည်။

ကမ္ဘာပေါ်တွင် ငါးခူအများဆုံးဖမ်းယူနိုင်သည့် ပီရူးနိုင်ငံသည် ထုတ်လုပ်မှုကျဆင်းစေသည့် ပူနွေးသောပင်လယ်ရေပြင်မှ ပြင်းထန်သောထိုးနှက်မှုကို ရင်ဆိုင်နေရကြောင်း စက်မှုလုပ်ငန်းအရာရှိများက ပြောကြားသည်။ ဆူဒန်တွင် အယ်လ်နီညိုသည် နိုင်းမြစ်ရေမျက်နှာပြင်ကို လျင်မြန်စွာကျဆင်းစေသည့် အရေးကြီးမိုးရွာသွန်းမှုကို နှောင့်နှေးစေသည်ဟု အ ပြစ်တင်ခံရသည်။

အယ်လ်နီညိုဆိုသည်မှာ ‘အယ်လ်နီညို-တောင်ပိုင်း လှိုင်းတွန့်ခြင်း’ (ENSO) ဟု လူသိများသည့် အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင်း သဘာဝစက်ဝန်း၏ ပူနွေးသောအဆင့်ဖြစ်ပြီး၊ ၎င်း သည် ၂ နှစ်မှ ၇ နှစ်လျှင်တစ်ကြိမ် ပေါ်ပေါက်တတ်သည်။

အရှေ့မှ အနောက်သို့ တိုက်ခတ်သော ကုန်သွယ်လေများ (trade winds) အားပျော့သွားချိန်တွင် အယ်လ်နီညိုစတင်ဖြစ်ပေါ်လေ့ရှိပြီး၊ ထိုအခါ ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာအ နောက်ပိုင်းတွင် စုပုံနေတတ်သည့် ရေနွေးများသည် အရှေ့ဘက်သို့ ပြန်လည်ရွေ့လျားလာကာ ရေမျက်နှာပြင်ပေါ်သို့ ဆန်တက်လာကြသည်။

ပျမ်းမျှထက်ပူနွေးသော မျက်နှာပြင်အပူချိန်သည် လအနည်းငယ်ကြာသောအခါ ဒေသတွင်းတွင် မုန်တိုင်းများနှင့် မိုးတိမ်များ ပိုမိုဖြစ်ပေါ်စေပြီး ၎င်းသည် ကမ္ဘာ့လေထုတစ်ခုလုံးကို လှိုင်းထစေသည်။ အချို့နေရာများတွင် ပိုမိုပူပြင်းခြောက်သွေ့သော အခြေအနေများ၊ အချို့နေရာများတွင် ပိုမိုအေးပြီး စိုစွတ်သည်။

ရာသီဥတုပြောင်းလဲမှုသည် အယ်လ်နီညို၏ သက်ရောက်မှုများကို တိုးစေသည်။ ပူနွေးသောလေထုသည် အစိုဓာတ်ကို ပိုမိုထိန်းထားနိုင်သောကြောင့် အယ်လ်နီညိုနှင့်ဆက်စပ်သော မိုးရွာသွန်းမှုများသည် ပိုမိုပြင်းထန်လာနိုင်သည်။ ၎င်းသည် မြေဆီလွှာများကိုလည်း ခြောက်သွေ့စေပြီး အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှု ဖြစ်ပေါ် စေပြီး မိုးခေါင်ရေရှားမှုကို ပိုမိုနက်ရှိုင်းစေသည်။

Ref: bangkokpost.com
ယနေ့ခေတ်

သမိုင်းဝင် အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာတွင် ရှားပါးဆိုင်ကလုန်းမုန်တိုင်းများ ဆက်တိုက်ဖြစ်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.