ကိုင်ရို၊ စက်တင်ဘာ ၃
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံသို့သွားရောက်လည်ပတ်စဉ် အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပြင်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး ဒေသတွင်းလုံခြုံရေးအစီအစဉ်ကို ပြန်လည်ပုံဖော်ရေး စဉ်းစားရန် တောင်းဆိုခဲ့ပြီး ဘေဂျင်းသည် အမေရိကန်ပြည်ထောင်စု၏ အီရန်နှင့်စစ်ပွဲအတွင်း ၎င်း၏သြဇာလွှမ်းမိုးမှုကိုတိုးချဲ့ရန် ကြိုးပမ်းနေသည်။
သမ္မတ ရှီကျင့်ဖျင်၏ လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်းခရီးစဉ်သည် ဒေသတွင်းရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများက ၎င်းတို့၏မဟာဗျူဟာမြောက် ဆက်ဆံရေးများကို ပြန်လည်သုံးသပ်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ယင်းသို့ ပြန်လည်သုံးသပ်ရခြင်းမှာ လပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်သော ပဋိပက္ခများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြတ်တောက်ခြင်း၊ စီးပွားရေးများ လှုပ်ခတ်ခြင်းနှင့် ဝါရှင်တန်၏ ရေရှည်အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာများ ထွက်ပေါ်လာခြင်းတို့ကြောင့်ဖြစ်သည်။
ဝါရှင်တန်ထံမှ နှစ်စဉ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်ရရှိသော အမေရိကန်၏ အဓိကကာကွယ်ရေးမိတ်ဖက်ဖြစ်သည့် အီဂျစ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်တိုးမြှင့်လျက်ရှိသည်။
သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်-စီစီက ကိုင်ရိုတွင် စစ်ရေးအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ရှီက ဒေသတွင်းရှိ နိုင်ငံများသည် “၎င်းတို့၏ကံကြမ္မာ၏ အရှင်သခင်များ” ဖြစ်သင့်ပြီး ဒေသတွင်း “လုံခြုံရေးဗိသုကာ” အသစ်ကို စူးစမ်းလေ့လာသင့်သည်ဟု ပြောကြားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။
ရှီက ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းပြဿနာသည် အမေရိကန်-အီရန်ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားနှင့် ဘတ်အယ်လ်မန်ဒက်ဘ်မှတစ်ဆင့်သွားလာရေး အနှောင့်အယှက်ဖြစ်စေပြီးနောက် ပိုမိုအရေးပါလာခဲ့သည်။
ခေါင်းဆောင်များသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်း ဆင်ဟွာက ပြောကြားသည်။ ပူးတွဲကြေညာချက်တစ်ခုအရ ဒေတာစင်တာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အရေးကြီးသော သတ္တုထောက်ပံ့ရေးကွင်းဆက်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အပြန်အလှန်ငွေကြေးအသုံးပြုမှုကို အားကောင်းစေရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

မဟာဗျူဟာမြောက် ချိန်ခွင်လျှာညှိခြင်း
အီဂျစ်အတွက် တရုတ်နိုင်ငံနှင့် ပိုမိုခိုင်မာသောဆက်ဆံရေးသည် နိုင်ငံတကာမိတ်ဖက်များကို ကွဲပြားစေရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုနှင့် ကိုက်ညီပါသည်။
အီဂျစ်နိုင်ငံခရီးစဉ်မတိုင်မီ ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် စီစီက အီဂျစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှု ကြီးထွားလာချိန်တွင် “မဟာဗျူဟာမြောက် ချိန်ခွင်လျှာညှိခြင်း” မူဝါဒကို ကျင့်သုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-အီရန်စစ်ပွဲကြောင့် ဖြစ်ပွားနေသော မငြိမ်မသက်မှုများအတွင်း အရှေ့အလယ်ပိုင်းဒေသရှိ ကုန်သွယ်ရေယာဉ်သွားလာမှုများကို ကာကွယ်ပေးရန် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ်းလှမ်းခဲ့သည်။ ၎င်းသည် ကိုင်ရိုမြို့တွင် အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်-စီစီနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
“အီဂျစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးအသိုင်းအဝိုင်းကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်လိုပါတယ်၊ ဒါကြောင့် နှစ်နိုင်ငံရဲ့မျှော်မှန်းချက်ချင်း ထပ်တူကျနေတာဖြစ်ပါတယ်၊” ဟု အီဂျစ်သံတမန်ဟောင်း အိုင်မန် ဇိုင်နယ်ဒင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအတွက်မူ ပေကျင်းအနေဖြင့် စီးပွားရေးကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ ချဲ့ထွင်ရန်နှင့် ဒေသတွင်းရှိ အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် အီဂျစ်၏ ဒေသတွင်း ဩဇာသက်ရောက်မှုနှင့် မဟာဗျူဟာမြောက်တည်နေရာတို့က ၎င်းအား အရေးပါသောမိတ်ဖက်တစ်ခုဖြစ်စေသည်။
“အီဂျစ်ဟာ ပေကျင်းအတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ အရာတစ်ခုကို ကိုယ်စားပြုနေပါတယ်။ အဲဒါကတော့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအတွက် ပြည်တွင်းစျေးကွက်ကြီးတစ်ခုရှိနေတာ၊ ပါလက်စတိုင်းအရေးအပါအဝင် ဒေသတွင်းမှာ သံတမန်ရေးအရ အလေးသာမှု အများကြီးရှိနေတာနဲ့ အာဖရိကတိုက်ဆီ ချိတ်ဆက်နိုင်မှုတို့ပဲ ဖြစ်ပါတယ်၊” ဟု Royal United Services Institute (RUSI) အကြံပေးအဖွဲ့မှ ပညာရှင် အိတ်ချ် အေ ဟယ်လီယာက ပြောကြားသည်။
တရုတ်နိုင်ငံထုတ် J-16 တိုက်လေယာဉ်များနှင့် ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်များပါဝင်သည့် ဖြစ်ခဲလှသော ဝေဟင်တိုက်ပွဲ လေ့ကျင့်ခန်းတစ်ခုအပါအဝင် ပြီးခဲ့သည့်လကကျင်းပခဲ့သော အီဂျစ်-တရုတ် “Eagles of Civilization” စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံအကြား တိုးတက်လာသည့် စစ်ရေးနှောင်ကြိုးများကို တွေ့မြင်ခဲ့ရသည်။
တရုတ်သမ္မတ၏ခရီးစဉ်အပေါ် စိတ်အားထက်သန်မှုများကို အီဂျစ်နိုင်ငံ၏ မြို့တော်တွင် ရက်အတော်ကြာကတည်းက သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရပြီး၊ မြို့တော်ရှိ လမ်းမများကို တရုတ်နိုင်ငံတော်အလံများ၊ အီဂျစ်နိုင်ငံ၏ စဖင့်ရုပ်နှင့် တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီးအပါအဝင် ထင်ရှားကျော်ကြားသော နေရာများ၏ ပုံရိပ်များဖြင့် တန်ဆာဆင်ထားခဲ့ကြသည်။
စီးပွားရေးဆက်ဆံရေးတိုးချဲ့လာခြင်း
စူးအက်တူးမြောင်းတည်ရှိရာ လူဦးရေ သန်း ၁၁၀ ကျော်ရှိသော အီဂျစ်သည် တရုတ်အတွက် အရေးကြီးသောဈေးကွက်တစ်ခုဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်တွင်ပင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိသော တရုတ်ကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။
စီစီသည် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုသည် အလျင်အမြန်မြင့်တက်လာခဲ့ပြီး တရုတ်ကုမ္ပဏီများသည် ကွန်တိန်နာဆိပ်ကမ်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဟိုက်ဒရိုဂျင်စီမံကိန်းများနှင့် သံပိုက်များ၊ ကားတာယာများနှင့် ဂြိုဟ်တုများထုတ်လုပ်ရန် အဆောက်အအုံများတွင် ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
အီဂျစ်အစိုးရအဖွဲ့က စူးအက်တူးမြောင်း စီးပွားရေးဇုန်သည် တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် အီဂျစ်အာဏာပိုင်များသည် ဇုန်တွင် တရုတ်ဖော်ဆောင်ထားသော စက်မှုဇုန်တစ်ခုကိုတိုးချဲ့ရန် အစီအစဉ်များကို ကြေညာခဲ့ပြီး ZC Rubber Group သည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် တာယာထုတ်လုပ်ရေး အဆောက်အအုံကိုလေ့လာရန် ကနဦးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
အီဂျစ်ခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းလုံခြုံရေး မူဘောင်အသစ်ကို ရှီကျင့်ဖျင်တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်