ဝါရှင်တန်၊ စက်တင်ဘာ ၃
အီရန်နှင့် တိုက်ခိုက်မှုများ ပြင်းထန်နေသော်လည်း အရေးကြီးသောရေလမ်းကြောင်းကို အမေရိကန်က ထိန်းချုပ်ထားကြောင်း အခိုင်အမာပြောဆိုသည့် သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ထရမ့်ရေလက်ကြား (“Trump Strait”) အဖြစ် အမည်ပြောင်းလဲရန် ဗုဒ္ဓဟူးနေ့တွင် အကြံပြုခဲ့သည်။
၎င်းသည် ထရမ့်၏ ပထဝီဝင်အမည်ပြောင်းလဲမှုများစွာထဲမှ နောက်ဆုံးတစ်ခုဖြစ်ပြီး တီဟီရန်က ခြောက်လကြာပိတ်ထားခဲ့သော ရေလမ်းကြောင်းအပေါ် အမေရိကန်၏ အချုပ်အခြာအာဏာကို ကြေငြာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“အခု ဒါကို အမေရိကန်ရဲ့ထိန်းချုပ်မှုအောက် ရောက်နေပြီဆိုတော့ ဟော်မုဇ်ရေလက်ကြားနာမည်ကို ထရန့်ရေလက်ကြားလို့ ပြောင်းသင့်လား။ အမေရိကန်နိုင်ငံလိုပဲ အရင်ကထက်ပိုပြီးတော့ အောင်မြင်ကျော်ကြားလာမှာပါ၊” ဟု ထရန့်က ၎င်း၏ Truth လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
အိမ်ဖြူတော်သည် နောက်ပိုင်းတွင် “ထရန့်ရေလက်ကြား” ဟု အမှတ်အသားပြုထားသော ရေလမ်းကြောင်းပါသည့် ပင်လယ်ကွေ့မြေပုံကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။
အိမ်ဖြူတော်၏ ပို့စ်တွင် “ဒီနာမည်က ခေါ်လို့ကောင်းသားပဲ” ဟုလည်း ထပ်လောင်းရေးသားထားသည်။
အီရန်နှင့် ခြောက်လကြာစစ်ပွဲသည် ပြီးဆုံးမည့်လက္ခဏာမပြသော်လည်း အသက် ၈၀ အရွယ်သမ္မတက နိုင်ငံတကာရေပြင်ကို သူ့အမည်ဖြင့် တစ်ဖက်သတ်အမည်ပြောင်းရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်က သမ္မတရာထူးသို့ ပြန်လည်ရောက်ရှိလာပြီးကတည်းက ထရန့်သည် ပြိုင်ဘက်များကို နောက်ပြောင်ကျီစယ်သည့်အနေဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် တကယ်တမ်းလက်တွေ့ဖြစ်လာခဲ့သည့် အလားတူအမည်ပြောင်းလဲရန် အကြံပြုချက်များကို ဆက်တိုက်ဆိုသလိုပြုလုပ်လာခဲ့သည်။
ပြီးခဲ့သည့်အပတ်က အသက် ၈၀ အရွယ် ရီပတ်ဘလီကန်သည် အိမ်နီးချင်း ကနေဒါနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေစဉ် အွန်တေရီယိုရေကန်ကို “Lake America” (အမေရိကရေကန်) အဖြစ် အမည်ပြောင်းလဲရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အိမ်ဖြူတော်သို့ ပထမဆုံးပြန်လာသည့်နေ့တွင် မက္ကဆီကိုပင်လယ်ကွေ့ကို “Gulf of America” (အမေရိကန်ပင်လယ်ကွေ့) အဖြစ်လည်း အ မည်ပြောင်းလဲခဲ့သည်။ မက္ကဆီကိုနှင့် ကနေဒါနှစ်နိုင်ငံလုံးက ပြောင်းလဲမှုများကို လက်မခံခဲ့ပါ။
ထရမ့်သည် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Denali ၏ အမည်ကို ၎င်း၏ ယခင်အမည်ဟောင်း Mt. McKinley သို့ ပြန်လည်ပြောင်းလဲခဲ့သည်။
အမေရိကန်နယ်မြေအသစ်
ဘီလီယံနာသမ္မတသည် ဝါရှင်တန်ရှိ ကနေဒီအနုပညာစင်တာ၊ ငြိမ်းချမ်းရေးအင်စတီကျု၊ လူဝင်မှုကြီးကြပ်ရေးအတွက် “Trump Gold Card” နှင့် “Trump Rx” မူးယစ်ဆေးဝါးရောင်းချသည့် ဝက်ဘ်ဆိုက်အပါအဝင် အရာများကို သူ့အမည်ဖြင့် အမည်ပြောင်းလဲခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်လွတ်လပ်ရေး ၂၅၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထရမ့်၏မျက်နှာပါ ဒင်္ဂါးပြားများကို ထုတ်ပေးခဲ့ပြီး အသက်ရှင်နေသော သမ္မတတစ်ဦးတစ်ယောက်မျှ အမေရိကန်ငွေကြေးတွင် မပေါ်စေရဟူသော ဖက်ဒရယ်ဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
သို့သော် ရေလက်ကြားအကြံပြုချက်သည် နိုဝင်ဘာလတွင် အရေးကြီးသောကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အမေရိကန်စားသုံးသူများအတွက် ရေနံဈေးနှုန်းများ မြင့်တက်စေသည့် အီရန်စစ်ပွဲမှ အာရုံပြောင်းရန် ရည်ရွယ်ခြင်းလည်းဖြစ်နိုင်သည်။
ထရမ့်က အီရန်၏ ရေမြှုပ်မိုင်းထောင်ခြင်း ထပ်မံကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်မှုအသစ်များစတင်ခဲ့ပြီး ရက်သတ္တပတ်များစွာ ငြိမ်သက်နေပြီးနောက် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
အီရန်က အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုကြောင့် မင်္ဂလာဆောင်တစ်ခုတွင် လူလေးဦးသေဆုံးခဲ့ပြီး ၎င်းကို “စစ်ရာဇဝတ်မှု” အဖြစ် တံဆိပ်ကပ်ကြောင်း အီရန်ကပြောကြားခဲ့ပြီး ဂျော်ဒန်၊ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်းနှင့် အီရတ်ရှိ အမေရိကန်အခြေစိုက်စခန်းများကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အီရန်သည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထရမ့်နှင့် အစ္စရေးတို့စတင်ခဲ့သော စစ်ပွဲအတွက် လက်စားချေသည့်အနေဖြင့် ကမ္ဘာ့ရေနံငါးပုံတစ်ပုံဖြတ်သန်းသွားရာ ရေလမ်းကြောင်းကို ထိထိရောက်ရောက်ပိတ်ပစ်ခဲ့သည်။
ထရမ့်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာကို တောင်းဆိုရန် အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး ရေလမ်းကြောင်းကို “အမေရိကန်၏ နယ်မြေအသစ်” အဖြစ်ပြသသည့် မြေပုံတစ်ခုကိုပင် တင်ခဲ့သည်။
Ref: bangkokpost.com
ယနေ့ခေတ်
ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ထရမ့်ရေလက်ကြားအဖြစ် အမည်ပြောင်းလဲရန် အကြံပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်