ပတ္တရားတွင် ခိုက်ရန်ဖြစ်ပွားသည့် ရေတပ်သားနှစ်ဦးကို သင်္ဘောပေါ်၌သာ နေထိုင်ရန် ကန့်သတ်ပိတ်ပင်

ပတ္တရား၊ စက်တင်ဘာ ၄

USS Abraham Lincoln စစ်ရေယာဉ်ပေါ်မှ အမှုထမ်းများအား ကိုးလကျော်အတွင်း ပထမဆုံးအကြိမ် ကမ်းတက်ခွင့်ကို ယခုအပတ်တွင်ခွင့်ပြုခဲ့သော်လည်း ရေတပ်သားနှစ်ဦးမှာမူ နာရီပိုင်းသာခံခဲ့သည်။

ပတ္တရားမြို့ Walking Street အနီးရှိ ဘားတစ်ခုတွင် အမေရိကန်စစ်မှုထမ်းနှစ်ဦး အပြင်ဘက်၌ ရန်ဖြစ်နေကြောင်း ဒေသခံတစ်ဦးက အရေးပေါ်ဖုန်းခေါ်ဆိုတိုင်ကြားသဖြင့် ကြာသ ပတေးနေ့ နံနက် ၁ နာရီခွဲခန့်တွင် ထိုင်းရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့သည်။

ပတ္တရားရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနက် သီဟထောင်ယူက ယင်းဖြစ်စဉ်သည် သာမန်ကိစ္စမျှသာဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မူးယစ်နေကြကြောင်း ပြောကြားခဲ့သည်။ ရန်ပွဲပိုမိုကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် ဖုန်းဆက်တိုင်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲအရာရှိများသည် ၎င်းတို့နှစ်ဦးအား Hard Rock Cafe တွင် ဖွင့်လှစ်ထားသည့် အမေရိကန်-ထိုင်း ပူးတွဲစစ်ဆင်ရေးဗဟိုဌာနသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် လေယာဉ်တင်သင်္ဘောထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

၎င်းတို့နှစ်ဦးသည် ကုန်းပေါ်သို့ ထပ်မံတက်ခွင့်ရတော့မည်မဟုတ်ဘဲ ငါးရက်ကြာကမ်းကပ်နားမည့် ကျန်ရှိသည့်ရက်များတစ်လျှောက်လုံး သင်္ဘောပေါ်၌သာနေထိုင်ရန် ကန့်သတ်ခြင်းခံရသည်။ ရေတပ်သားနှစ်ဦး၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

USS Abraham Lincoln စစ်ရေယာဉ်သည် ဗုဒ္ဓဟူးနေ့က ရေတပ်သားနှင့် မရိန်းတပ်သား စုစုပေါင်း ၅,၀၀၀ ခန့်နှင့်အတူ လန်ချာဘန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။ ၎င်း သည် အမှုထမ်းများအတွက် တာဝန်ထမ်းဆောင်မှု ခရီးစဉ်အတွင်း ပထမဆုံးအကြိမ် ကုန်းပေါ်တက်ခွင့်ရသည့် ကမ်းကပ်ရပ်နားမှုလည်းဖြစ်သည်။ ထိုတာဝန်ထမ်းဆောင်မှုကာလမှာ ကိုးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အများစုမှာ အီရန်နှင့်စစ်ဖြစ်ပွားနေစဉ်အတွင်း တိုက်ပွဲဝင်စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရန်ပွဲသတင်းကို MS NOW က ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်ပြီး ဝါရှင်တန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံရှိ ရေတပ်တာဝန်ရှိသူများကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း ပြောကြားထားသည်။

အဆိုပါလေယာဉ်တင်သင်္ဘောသည် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံမှ ဆန်ဒီယေဂိုသို့ ဆက်လက်ထွက်ခွာရန် စီစဉ်ထားသည်။

Ref: thethaiger.com
ယနေ့ခေတ်

ပတ္တရားတွင် ခိုက်ရန်ဖြစ်ပွားသည့် ရေတပ်သားနှစ်ဦးကို သင်္ဘောပေါ်၌သာ နေထိုင်ရန် ကန့်သတ်ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.