ရန်ကုန်၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းတွင် စက်တင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မိုးကြီးနိုင်ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက်နေ့စ၍ ဧရာဝတီးတိုင်း၊ ကြံခင်း၊ မြန်အောင်၊ ကနောင်၊ ထူးကြီး၊ အင်္ဂပူ၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ ဟင်္သတ၊ ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ အ သုတ်၊ အထောင်၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ စသည့်မြို့နယ်များတွင် မိုးကြီးနိုင်ကြောင်း ဒေါက်တာ စိုင်းခွန်အာကာ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ လပွတ္တာ၊ မော်လ မြိုင်ကျွန်း၊ ပြင်စလူ၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ စသည့်မြိုနယ်များတွင်လည်း စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးကြီးနိုင်ကြောင်း ယနေ့နံနက် ၁၁ နာရီက မိုး/ဇလ ပညာရှင် ဒေါက်တာ စိုင်းခွန်အာကာ၏ လူမှုကွန်ရက်တွင် ရေးသားထား သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေက ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် မိုးသည်းထန်စွာရွာပြီး ငဝန်မြစ် တာကျိုးပေါက်ခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဧရာဝတီတိုင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော် စသည့်မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ အကူအညီများလိုအပ်နေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“လေမျက်နှာမှာတော့ ညီမတို့အသင်းကသွားပြီးပါပြီ။ အခု လေးမျက်နှာမှာ ရေကတော့ ကျလာပါပြီ။ လက်ရှိကတော့ ရေကြည်ဘက်နဲ့ ကျုံပျော်ဘက်မှာ အကူအညီတွေလိုအပ်နေပါတယ်။ ဟိုဘက်က ကျတဲ့ရေက ကျုံပျော်နဲ့ ရေကြည်ဘက်တွေမှာ လာမြုပ်နေတာ။” ဟု လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေအမှတ်အောက် ၁ ပေ ၈ လက်မခန့်အလိုတွင်ရောက်ရှိနေပြီး၊ ဟင်္သာတမြို့တွင် စိုးရိမ်ရေအမှတ်အောက် ၂ ပေ ၄ လက်မခန့်အလို တွင်ရောက်နေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ရောက်နိုင်ကြောင်း သိရသည်။ ထို့အပြင် ဇလွန်မြို့တွင်လည်း ဧရာဝတီမြစ်ရေသည် ၂ ပေ ၁ လက်မခန့်အ လိုတွင် ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ယနေ့နံနက် ၈ နာရီက ထုတ်ပြန်ထားသည်။
ဟင်္သာတမြို့၊ ဆိပ်သာမြို့၊ ဇလွန်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေများမြင့်တက်လာပါက ကြိုတင်ရှောင်ရှားရန် မိုး/ဇလမှ သတိပေးနှိုးဆော်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေါက်တာ စိုင်းခွန်အာကာ
ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် လေးရက်အတွင်း မိုးကြီးနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်