ရန်ကုန်၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အဖြူရောင်အိမ်စီးကားသည် လမ်းချော်တိမ်းမှောက်ခဲ့ပြီး၊ ကျေးလက်ဦးစီးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက်၊ နံနက် ၆ နာရီကျော်က ညောင်တုန်းမြို့၊ ကညင်ကောက်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄/၀) နှင့် (၃၄/၁) ကြားတွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် TOYOTA MARK ll အဖြူရောင်အိမ်စီးကားတစ်စီးသည် လမ်းချော်ကာ ကုက္ကိုပင်အားဝင်တိုက်ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး၊ ကျေး လက်ဦးစီးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ယာဉ်မှောက်ပြီးမှရောက်သွားတာပါ။ သေဆုံးတဲ့သူက ညောင်တုန်းမြို့၊ ကျေးလက်ကဦးစီးအရာရှိလို့တော့ သိရတယ်။ အသက်တွေက ၅၀ ကျော်လောက်ရှိမယ်။ သေဆုံးတာ အမျိုးသားနှစ်ယောက်။ သူ့တို့တွေက အရာရှိတွေဆိုတော့ သက်ဆိုင်ရာကပဲ မိသားစုတွေဆီ ကြေးနန်းရိုက်တယ်လို့တော့ပြောတယ်။” ဟု နယ်မြေခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေခေတ်သို့ ပြောသည်။
ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းများကို သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်ကလည်း ညောင်တုန်းမြို့၊ တဇင်ရေကျော်ကျေး ရွာအုပ်စု၊ အသင်းစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၃၀ /၁) နှင့် (၃၀/၂) ကြားတွင် ကားတစ်စီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – MFSD
ယနေ့ခေတ်
ညောင်တုန်းမြို့တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် ကျေးလက်ဦးစီးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်