ပနားမားစီးတီး၊ စက်တင်ဘာ ၈
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် မိုးခေါင်ရေရှားမှုများကြောင့် ပနားမားတူးမြောင်းကို ဖြတ်သန်းမောင်းနှင်မည့် သင်္ဘောအရေအတွက်ကို ပိုမိုလျော့ချသွားနိုင်ကြောင်း ထိုရေကြောင်းလမ်း၏ အုပ်ချုပ်ရေးမှူးအသစ်က တနင်္လာနေ့တွင် AFP သတင်းဌာနသို့ ပြောကြားသည်။
ကမ္ဘာ့ရာသီဥတုဖြစ်စဉ်များကို သက်ရောက်မှုရှိစေပြီး ကမ္ဘာ့အပူချိန်ကို မြင့်တက်လာစေသည့် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပနားမားနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည်။
ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်သည် လွန်ခဲ့သောဆယ်စုနှစ်လေးခုခန့်က မှတ်တမ်းတင်မှုများ စတင်ပြုလုပ်ခဲ့ချိန်မှစ၍ အပြင်းထန်ဆုံးဖြစ်လာလိမ့်မည်ဟု ခန့်မှန်းရသည်။
အမေရိကန်နှင့် အစ္စရေးတို့က စတင်ခဲ့သောစစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားသောကြောင့် သင်္ဘောလိုင်းများသည် အခြားရွေးချယ်စရာ ရေကြောင်းလမ်းကို ရှာဖွေနေကြသည်။ ထို့ကြောင့် တူးမြောင်းအသုံးပြုမှု မြင့်တက်လာသည့်ကြားမှ ပနားမား၏ ကန့်သတ်ချက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှု၏ ငါးရာခိုင်နှုန်းကို ကိုင်တွယ်ပေးနေသည့် သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်ထားသော ပနားမားတူးမြောင်းသည် ပြီးခဲ့သည့်လက တစ်ရက်လျှင် ဖြတ်သန်းခွင့်ပြုသည့် အများဆုံးသင်္ဘောအရေအတွက် ၃၆ စင်းရှိခဲ့ရာမှ စက်တင်ဘာလလယ်တွင် ၃၂ စင်းအထိ လျှော့ချထားပြီးဖြစ်သည်။
ထိုတူးမြောင်းသည် ရေလှောင်ကန်နှစ်ခုတွင် စုဆောင်းထားသော မိုးရေကိုအသုံးပြု၍ လည်ပတ်နေခြင်းဖြစ်ပြီး၊ အယ်လ်နီညိုရာသီဥတု စတင်လာမှုကြောင့် ထိုရေလှောင်ကန်များ၏ ရေမျက်နှာပြင်မှာ ကျဆင်းသွားခဲ့သည်။
ရေမရှိပါက ရေကြောင်းဖြတ်သန်းမှု၏ အစနှင့် အဆုံးတွင် သင်္ဘောများကို မြှင့်တင်ပေးခြင်းနှင့် နှိမ့်ချပေးခြင်းတို့ ပြုလုပ်သည့် ရေထိန်းတံခါးများမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ပေ။
တနင်္လာနေ့တွင် ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ အီလီယာ အက်စ်ပီနို ဒီ မာရိုတာက မိုးခေါင်ရေရှားမှုမလျော့ပါးသွားပါက နောက်ထပ်အစီ အမံများကို လုပ်ဆောင်ရနိုင်ကြောင်း AFP သို့ ပြောကြားသည်။
“ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လမှာ သင်္ဘောဖြတ်သန်းခွင့် ကန့်သတ်ချက်ကို ထပ်ပြီးလျှော့ချရမယ့် အလားအလာကိုတော့ ကျွန်မတို့မပယ်ဖျက်ပါဘူး။ တစ်ရက်ကို ၂၄ စင်းအထိတော့ မဖြစ်နိုင်ပေမဲ့ ၂၉ စင်း ဒါမှမဟုတ် အဲ့ဒီဝန်းကျင်အထိ လျော့ကျသွားနိုင်ပါတယ်” ဟု သူမက ပြောကြားသည်။
သင်္ဘောတစ်စင်းလျှင် ရေလီတာ သန်း ၂၀၀
သင်္ဘောတစ်စင်းချင်းစီအတွက် ရေလီတာ သန်း ၂၀၀ ခန့်လိုအပ်ပြီး၊ ၎င်းရေများကို ပင်လယ်ထဲသို့ ပြန်လည်စွန့်ထုတ်ပစ်သည်။
၂၀၂၃ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေလှောင်ကန်ရေမျက်နှာပြင်များ သိသိသာသာလျော့ကျသွားခဲ့ရပြီး၊ ထိုအခြေအနေကြောင့် တစ်ရက်လျှင် ဖြတ်သန်းသွားလာမှုအကြိမ်ရေကို ၃၈ ကြိမ်မှ ၂၂ ကြိမ်အထိ လျှော့ချခဲ့ရသည်။
အမေရိကန်ကတည်ဆောက်ခဲ့သည့် တူးမြောင်းအာဏာပိုင်အဖွဲ့ကို ဦးဆောင်ခွင့်ရသည့် ပထမဆုံးသောအမျိုးသမီးဖြစ်လာသူ အက်စ်ပီနို ဒီ မာရိုတာက ကန့်သတ်ချက်များသည် ထိုနှစ် (၂၀၂၃ ခုနှစ်) က မြင်တွေခဲ့ရသည့်အဆင့်အထိ ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ကြောင်း ပြောကြားသည်။
တူးမြောင်းအာဏာပိုင်များသည် သင်္ဘောအရေအတွက်ကို လျှော့ချခြင်းအပြင် သင်္ဘောများ၏ အများဆုံးရေစူးအနက်ကိုလည်း ၁၅.၂ မီတာမှ ၁၄.၆ မီတာ (ပေ ၅၀ မှ ၄၈ ပေ) အထိ လျှော့ချခဲ့သည်။
ရေစူးဆိုသည်မှာ ရေမျက်နှာပြင်နှင့် သင်္ဘောဝမ်းပတ်အောက်ခြေ၏ အနိမ့်ဆုံးအမှတ်အကြားရှိ ဒေါင်လိုက်အကွာအဝေးဖြစ်သည်။ ၎င်းသည် သင်္ဘောတစ်စင်း သောင်တင်ခြင်းမရှိဘဲ ဘေးကင်းစွာခုတ်မောင်းနိုင်ရန် မည်မျှအထိ ရေအနက်လိုအပ်သည်ကို တိုင်းတာသည့် အတိုင်းအတာတစ်ခုဖြစ်သည်။
တူးမြောင်းဖြတ်ကူးခြင်းအပေါ် ရေရှည်ကန့်သတ်ချက်များသည် သင်္ဘောကုန်ကျစရိတ်များ မြင့်မားခြင်းနှင့် ပို့ဆောင်မှုများအတွက် စောင့်ဆိုင်းချိန်များ ပိုမိုကြာမြင့်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် အဆိုပါတူးမြောင်းကို အဓိကအသုံးပြုသူများဖြစ်ကြပြီး ၎င်းတူးမြောင်းသည် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းနှင့် တရုတ်နိုင်ငံအကြား အမြန်ဆုံးပင်လယ်ရေကြောင်းလမ်းဖြစ်သည်။
အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည့် အဆိုပါတူးမြောင်းသည် အမေရိကန် ကွန်တိန်နာသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ပေးနေသည်။
အီရန်စစ်ပွဲကြောင့် ထိုရေကြောင်းလမ်းကို ဖြတ်သန်းသွားလာသည့် ရေကြောင်းသုံးစွဲမှု မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောလိုင်းများ ရပ်တန့်နေခြင်းကြောင့် ပနားမားတူးမြောင်းသည် စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပေါ် အစားထိုးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။
Ref: bangkokpost.com
ယနေ့ခေတ်
အယ်လ်နီညိုကြောင့် ပနားမားတူးမြောင်း ဖြတ်သန်းသွားလာမှုကို လျှော့ချနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်