ဂျေရုစလင်၊ စက်တင်ဘာ ၉
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၇ ရက် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုမတိုင်မီ ယူအေအီးနိုင်ငံက ကြိုတင်သတိပေးခဲ့သည်ဟူသော ပေါက်ကြားလာသည့် သတင်းတစ်ရပ်ကြောင့် ရာထူးနှင့်မထိုက်တန်တော့ကြောင်း အစ္စရေးအတိုက်အခံခေါင်းဆောင်များက အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။
Haaretz သတင်းစာ၏ သတင်းထောက်များ ရေးသားထုတ်ဝေမည့် စာအုပ်တစ်အုပ်မှ ကောက်နုတ်ဖော်ပြချက်အရ ယူအေအီးသမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ် နာဟယန်သည် တိုက်ခိုက်မှုမဖြစ်ပွားမီ တစ်ပတ်ခွဲအလိုက နေတန်ယာဟုထံသို့ ဖုန်းခေါ်ဆို၍ ဟာမတ်စ်တို့သည် ကြီးမားသောစစ်ဆင်ရေးတစ်ခုကို စီစဉ်နေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
နေတန်ရာဟုရုံးက လက်ဝဲယိမ်းသတင်းစာ၏သတင်းကို ငြင်းဆိုခဲ့ပြီး အင်္ဂါနေ့နှောင်းပိုင်းကထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် “အောက်တိုဘာ ၇ ရက်နေ့မတိုင်မီ UAE မှ ဝန်ကြီးချုပ်အား မည်သည့်သတိပေးချက်မျှ မပေးခဲ့ပါ” ဟု ပြောကြားခဲ့သည်။
လာမည့် အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲတွင် နေတန်ယာဟု၏ အဓိကပြိုင်ဘက်အဖြစ် ထွက်ပေါ်လာသည့် စစ်ဘက်ဆိုင်ရာ တပ်မှူးဟောင်း ဂါဒီ အီစင်ကော့က နှစ်ရှည်လ များ ဝန်ကြီးချုပ်ဖြစ်လာသူ နေတန်ယာဟုသည် လုံခြုံရေးဆိုင်ရာ ကျရှုံးမှုများအတွက် တာဝန်ယူရန်ရှောင်ရှားနေပြီး တိုက်ခိုက်ခံရသည့်နံနက်ခင်းတွင် သူ့အား အချိန်မီမနှိုးခဲ့ဘူးဟူသော “သနားစရာကောင်းသည့်” ဆင်ခြေများကို သုံးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
“နေတန်ယာဟုဟာ အောက်တိုဘာ ၇ ရက်အတွက် သတိပေးချက် ဒါဇင်နဲ့ချီ လက်ခံရရှိခဲ့ပြီး အားလုံးကိုလျစ်လျူရှုခဲ့တယ်။ သူဟာ ရာထူးနဲ့မထိုက်တန်ပါဘူး” ဟု အီစင်ကော့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း နာဖတာလီ ဘန်နက်ကလည်း အစ္စရေးသမိုင်းတွင် အသေအပျောက်အများဆုံးဖြစ်သည့် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရမှုများအတွက် နေတန်ယာဟုတွင် “ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
“နေတန်ယာဟုအနေနဲ့ သူ့ရဲ့ရာထူးမှာ နောက်ထပ်တစ်မိနစ်တောင် ဆက်ပြီးတာဝန်ထမ်းဆောင်လို့ မရတော့ပါဘူး” ဟု ဘန်နက်က ပြောကြားသည်။
အလယ်အလတ်လက်ဝဲယိမ်း ဒီမိုကရက်ပါတီခေါင်းဆောင် ယာယာ ဂိုလန်ကလည်း နေတန်ယာဟုသည် “အစ္စရေးနိုင်ငံကို အန္တရာယ်ကျရောက်နေစေကြောင်း” စွပ်စွဲပြောဆိုခဲ့သည်။
“‘ဘယ်သူမှ ကျွန်တော့်ကိုမနှိုးဘူး’ ဆိုတဲ့ ဇာတ်လမ်းတွေက ပြီးဆုံးသွားပါပြီ။ ခင်ဗျားသိတယ်၊ ခင်ဗျားလျစ်လျူရှုတယ်၊ ခင်ဗျားပျက်ကွက်တယ်၊ ခင်ဗျားကို အပြစ်တင်ရမယ်” ဟု သူက လူမှုကွန်ရက်တွင်တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
ဟားမတ်စ်၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့သော လုံခြုံရေးဆိုင်ရာ ပေါ့လျော့မှုများအပေါ် အစ္စရေးနိုင်ငံသားများစွာက လွတ်လပ်သော နိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို တောင်းဆိုခဲ့ကြသည်။
တရားရုံးချုပ်က အဖွဲ့ဝင်များကိုခန့်အပ်မည့် အဆိုပါကော်မရှင်မျိုးကို ဖွဲ့စည်းခြင်းသည် ရွေးကောက်ပွဲတွင် အနိုင်ရပါက ၎င်းတို့၏ ပထမဆုံးဦးစားပေးလုပ်ငန်း ဖြစ်လာမည်ဟု အ တိုက်အခံပါတီများက ပြောကြားခဲ့ကြသည်။
နေတန်ယာဟု၏ အစိုးရကမူ ယင်းအဆိုပြုချက်ကို ပယ်ချခဲ့သည်။
Haaretz သတင်းစာ၏ ဖော်ပြချက်အရ နောင်တွင် အစ္စရေးတို့၏ သုတ်သင်ခြင်းကိုခံခဲ့ရသည့် ဟာမတ်စ်ခေါင်းဆောင် ယာယာ ဆင်ဝါက စစ်သွေးကြွများအနေဖြင့် “ငလျင်” ဟု တင်စားပြောဆိုခဲ့သည့် “ကြောက်မက်ဖွယ် စစ်ဆင်ရေးတစ်ခု” ကို ပြင်ဆင်နေကြောင်း ပါလက်စတိုင်းအရာရှိဟောင်းတစ်ဦးကို သတိပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပါလက်စ တိုင်း အရာရှိဟောင်းက ယင်းသတင်းစကားကို ယူအေအီးအကြံပေးပုဂ္ဂိုလ်တစ်ဦးထံသို့ ပေးပို့ခဲ့ပြီး၊ အဆိုပါ အကြံပေးကတစ်ဆင့် ယူအေအီးခေါင်းဆောင်ထံသို့ ရောက်ရှိသွားကာ၊ ထိုမှတဆင့် ယူအေအီးခေါင်းဆောင်က နေတန်ယာဟုထံသို့ ဖုန်းခေါ်ဆို၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်၊ သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမလက်ထက်တွင် အမေရိကန်ကကြားဝင်စေ့စပ်ပေးခဲ့သော အေဘရာဟန်သဘောတူညီချက်များ၏ အစိတ်အပိုင်းအနေဖြင့် ယူအေအီးနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ကမ္ဘာ့နိုင်ငံအများအပြားက ဂါဇာကမ်းမြောင်ဒေသအပေါ် ၎င်း၏ အပြတ်အသတ်ထိုးစစ်ဆင်မှုကို ဝေဖန်နေကြသော်လည်း ရေနံကြွယ်ဝသော ယင်းပင်လယ်ကွေ့နိုင်ငံသည် အစ္စရေးနှင့် ခိုင်မာသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ရာ နေတန်ယာဟုက ယူအေအီးနှင့်ဆက်ဆံရေးကို အဓိကအောင်မြင်မှုတစ်ခုအဖြစ် ရှုမြင်နေသည်။
နေတန်ယာဟုသည် သတိပေးချက်ကို တည်ငြိမ်စွာတုံ့ပြန်ခဲ့ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းစာက ပြောကြားခဲ့သည်။
နောက်ထပ် အစ္စရေးသတင်းစာတစ်ခုဖြစ်သည့် Yediot Ahronoth က ဂါဇာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တစ်ခုတည်းသောနိုင်ငံဖြစ်သည့် အီဂျစ်ထောက်လှမ်းရေးအရာရှိများက မကြာမီတွင် “ကြီးမားသောအရာတစ်ခု ဖြစ်ပျက်တော့မည်” ဟု တိုက်ခိုက်မှုမတိုင်မီ အစ္စရေးကိုသတိပေးခဲ့ကြောင်း ပြီးခဲ့သည့်နှစ်က ဖော်ပြခဲ့သည်။
နေတန်ယာဟုသည် ဟားမတ်စ်အဖွဲ့အား အစ္စရေးနှင့် ပြင်းထန်သောစစ်ပွဲကြီးတစ်ခုထက် မိမိကိုယ်ကိုထိန်းသိမ်းရန်သာ ပိုမိုစိတ်ဝင်စားသည်ဟူသော သဘောထားဖြင့် ကာတာနိုင်ငံမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုများ လက်ခံရရှိစေကာ ဟားမတ်စ်နှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။
ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှုကို ဆန့်ကျင်သည့် မူဝါဒတစ်ရပ်အနေဖြင့် နေတန်ယာဟုသည် ဟားမတ်စ်၏ပြိုင်ဘက်ဖြစ်သော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အားနည်းသွားစေရန် ရှေးရှုလုပ်ဆောင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်တို့သည် တေးဂီတပွဲတော်တစ်ခု၌ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများအပါအဝင် အပြင်းအထန်စီးနင်းတိုက်ခိုက်မှုများကို အစ္စရေးနိုင်ငံအတွင်း ပြုလုပ်ခဲ့သည်။
အစ္စရေး တရားဝင်ကိန်းဂဏန်းများကို အခြေခံသည့် AFP သတင်းဌာန၏ စာရင်းဇယားအရ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၁,၂၂၁ ဦး သေဆုံးခဲ့သည်။ ထို့ပြင် စစ်သွေးကြွများသည် လူပေါင်း ၂၅၁ ဦးခန့်ကို ဓားစာခံအဖြစ် ဂါဇာသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယင်းတို့အထဲတွင် သေဆုံးပြီးသားဓားစာခံ ၄၄ ဦးလည်းပါဝင်သည်။
တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတို့၏ အကြီးစားထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသအများစုမှာ ပြာပုံဘဝသို့ရောက်ရှိခဲ့ရပြီး၊ ဟာမတ်စ်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ကုလ သမဂ္ဂက ယုံကြည်စိတ်ချရသည်ဟု ယူဆထားသော ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ လူပေါင်း ၇၃,၆၅၈ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
Ref: bangkokpost.com
ယနေ့ခေတ်
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ယူအေအီးနိုင်ငံက ကြိုတင်သတိပေးခဲ့သည်ဟူသော သတင်းကြောင့် နေတန်ယာဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်