မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နေအိမ်ပေါ်သို့ မြေပြိုကျမှုဖြစ်ပွားပြီး၊ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်၊ နံနက် ၇ နာရီက မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေတွင် နေအိမ်နှစ်လုံးပေါ်သို့ တောင်စောင်းမြေပြိုကျပြီး အမျိုးသားဦးသုံးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မိုးအရမ်းရွာလို့ မြေသားတွေကပြိုကျတာ။ အနီးနားမှာရှိတဲ့ နေအိမ်နှစ်လုံးပေါ်ကိုပြိုကျတာ။ အထဲမှာလူတွေရှိနေတော့ ပိတ်မိပြီးသေသွားတာ။ အမျိုးသားသုံးယောက်နဲ့ အမျိုးသ မီးတစ်ယောက်။ နေ့လည်ပိုင်းတုန်းကရှာတာ နှစ်ယောက်ထပ်တွေ့တယ်။ ပထမတော့ တစ်ယောက်တွေ့တယ်။ မိန်းကလေးတစ်ဦးကတော့ ရှာနေတုန်းပါပဲ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြေပြိုကျမှုတွင် သေဆုံးသွားသည့်ရုပ်အလောင်းများကို နယ်မြေခံမီးသတ်တပ်နှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ပေးပြီး၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းက မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မြင်းခြံ စသည့်နေရာများတွင် လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်းများလဲကျခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်၊ နံနက်ပိုင်းကလည်း တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ် (၆) ရပ်ကွက်၊ အုပ်စု (၅) ရှိ လူနေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံပြိုကျက အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးပေါ်သို့ပိမိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး၊ မြေပြိုကျမှုအပြင် ရေစီးနှင့်မျောပါကာ သေဆုံးသူလူဦးရေ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ပျောက်ဆုံးသူ ၂၀၀ အထိရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – #MFSD
ယနေ့ခေတ်

မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.