ဝါရှင်တန်၊ မတ် ၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများအတွက် အစားစာနှင့် အခြားလိုအပ်သောပစ္စည်းများကို စစ်ဘက်သုံးလေ ယာဉ်များအသုံးပြုကာ မြေပြင်ကိုချပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂါဇာဒေသတွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက် လေးလကျော်ကြာလာချိန်တွင် ပါလက်စတိုင်းလူမျိုး ၃ သောင်းကျော်သေဆုံးကာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မှု မြင့်တက်နေကြောင်း သိရသည်။
အမေရိကန်သမ္မတက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်ပစ္စည်းများကို လာမည့်ရက်ပိုင်းအတွင်း လေကြောင်းကချပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေး စိတ်အခြေနေများ ပြောဆိုခြင်းမျိုးမရှိကြောင်း သိသည်။
ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အမေရိကန်နိုင်ငံအပြင် ဂျော်ဒန်၊ ပြင်သစ်အပါအဝင် အခြားနိုင်ငံများကလည်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်ပစ္စည်းများကို လေကြောင်းမှချပေးမည်ဖြစ်ကြောင်း သိရသည်။
ဂါဇာဒေသတွင် အနည်းဆုံးလူပေါင်း ၆ သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။
ဂါဇာဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပါလက်စတိုင်းပြည်သူများသည် အသက်ရှင်သန်ရန် တိရိစ္ဆာန်အသားများကို စားသုံးရခြင်းရှိနေကြောင်း သိရသည်။
ဂါဇာဒေသရှိ ဆေးရုံများမှဆရာဝန်များက ကလေးငယ်များသည် အာဟာရပြတ်လပ်မှုများ၊ ဆေးဝါးလိုအပ်ချက်များကြောင့် ဆေးရုံပေါ်တွင် သေဆုံးရခြင်းများရှိနေကြောင်း ပြော သည်။
ဂါဇာဒေသသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန်အတွက် အကူညီပေးရေးပစ္စည်းများ တင်ဆောင်သွားသောကုန်ကားများ တိုက်ခိုက်ခံရနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အီဂျစ်၊ အမေရိကန်၊ ကာတာနိုင်ငံတို့သည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် အရှိန်မြင့်ကြိုးပမ်းနေသော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရဘဲရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
မွတ်စလင်များ၏ ရာမာဒန်ကာလမတိုင်ခင် ဂါဇာဒေသတွင် ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်မည်ဟု အမေရိကန်အစိုးရ အပါအဝင် ကြားဝင်စေ့စပ်နေသောနိုင်ငံများက မျှော်လင့်နေသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာအကူအညီ လိုအပ်နေသူများကို လေယာဉ်ပေါ်မှ ကြဲချကူညီမည်ဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်