TikTok သုံးစွဲမှုပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများကို အခက်ခဲဖြစ်လာနိုင်ဟု TikTok အမှုဆောင်အရာရှိချုပ် သတိပေး

ဝါရှင်တန်၊ မတ် ၁၅

အမေရိကန်နိုင်ငံအတွင်း TikTok သုံးစွဲမှုပိတ်ပင်ခြင်းသည် အမေရိကန်နိုင်ငံသားအများအပြား၏ ရှင်သန်နေထိုင်မှုများကို အခက်ခဲများစွာဖြစ်လာစေနိုင်ကြောင်း ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ၏ အမှုဆောင်အရာရှိချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံအတွင်း TikTok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်မည့် ဥပဒေမူကြမ်းကို ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်နှင့်တရုတ်နိုင်ငံကြား အငြင်းပွားမှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံခွင့်ပြုခဲ့မည်ဆိုလျှင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဥပဒေအဖြစ် အတည်ပြုသတ်မှတ်ရန် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

TikTok ၏ အမှုဆောင်အရာရှိချုပ်က ရှိုချူက အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့် ပိတ်ပင်တားမြစ်ခြင်းကို ပယ်ဖျက်နိုင်ရန် တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း၊ အမေရိကန်လွှတ်တော်၏ ဆုံးဖြတ်ချက်က စိတ်ပျက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်မျိုးဖြစ်ပြီး ဆိုးရွားသောအလားလာများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ပြောသည်။

၎င်းက “ဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြောင်းလဲဖို့ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံအတွင်းမှာ TikTok အသုံးပြုခွင့် ပိတ်ပင်သွားတော့မှာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းဟာ အခြားမီဒီယာကုမ္မဏီတွေကို အခွင့်ရေးပိုမိုဖြစ်လာစေနိုင်တယ်။ အဲဒီဥပဒေမူကြမ်းဟာ အမေရိကန်နိုင်ငံအတွင်းမှာ TikTok ကို မှီခိုပြီး အလုပ်လုပ်နေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ TikTok ကိုအသုံးချပြီး ပျော်ရွင်စရာရှာဖွေနေသူတွေအပြင် ပညာရပ်တွေကိုလေ့လာသင်ယူနေတဲ့ ကျောင်းသားတွေ၊ ဆရာမတွေအတွက်တော့ အခက်ခဲများစွာ ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံသားအနည်းဆုံး ၃ သိန်းရဲ့ အလုပ်ကိုင်တွေလည်း အခက်ခဲဖြစ်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

bgr.com/tech

TikTok သုံးစွဲမှုပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများကို အခက်ခဲဖြစ်လာနိုင်ဟု TikTok အမှုဆောင်အရာရှိချုပ် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.