ကမ္ဘောဒီးယားက တိုက်ခိုက်မည်ဆိုပါက အသင့်ရှိနေမည်ဖြစ်သော်လည်း  ငြိမ်းချမ်းရေးကိုလိုလားကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

ဘန်ကောက်၊ ဇွန် ၄

ထိုင်းနယ်စပ်တွင် ကမ္ဘောဒီးယားတပ်များနှင့် တိုက်ပွဲဖြစ်ပွားမည်ဆိုပါက ထိုင်းနိုင်ငံအနေနှင့် အဆင်သင့်ရှိနေမည်ဖြစ်သော်လည်း နယ်မြေအငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းနှင့်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပက်တွန်တန် ရှင်နာဝပ်ထရာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

“ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးကို တန်ဖိုးထားပေမယ့် တိုက်ပွဲဖြစ်တဲ့အခါ ဘယ်တော့မှသူရဲဘောမကြောင်ပါဘူး” ဟု အစိုးရအိမ်တော်၌ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအပြီး တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံသားတွေအားလုံးရဲ့ လုံခြုံရေးကို သေချာပြင်ဆင်ထားပြီ၊ တိုက်ပွဲဖြစ်ရင် ရင်ဆိုင်ဖို့အဆင်သင့်ပါပဲ။ အားလုံးပြင်ဆင်ထားပေမယ့် ငြိမ်းချမ်းတဲ့နည်းလမ်းကို ရွေးချယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှု ဒါမှမဟုတ် ထိခိုက်သေဆုံးမှုတွေ မဖြစ်စေချင်တာကြောင့် အခုလိုရွေးချယ်တာပါ။” ဟု မစ္စပက်တွန်တန်က နိုင်ငံတော်သီချင်းထဲမှစာသားများကို ကိုးကားပြီးပြောကြားသည်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အစိုးရကထုတ်ပြန်သည့်ကြေညာချက်တွင် အဆိုပါအချက်ကို အလေးပေးပြောကြားခဲ့သည်။

“ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ တခြားနိုင်ငံနဲ့လည်းညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ဆက်သွယ်ပြောဆိုဖို့ ရည်ရွယ်ထားပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ကျွန်မတို့မှာ ရွေးချယ်စရာတွေရှိရင် အနုနည်းနဲ့ရွေးမယ်။ ဒီနေ့ ကျွန်မတို့မှာ ရွေးချယ်စရာတွေရှိနေတုန်းပဲ။” ဟု ပြောကြားပြီး၊ သူမသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ရင်းနှီးသောဆက် ဆံရေးရှိကြောင်း မစ္စပက်တွန်တန်က ဝန်ခံခဲ့သည်။

သူငယ်ချင်းတွေ ပဋိပက္ခဖြစ်တဲ့အခါ ညှိနှိုင်းသင့်တယ်ဟု သူမက ဆိုသည်။ “ဒါပေမယ့် ရန်ဖြစ်တုန်း သူငယ်ချင်းတစ်ယောက်က မင်းအိမ်ကိုလာတောင်းရင် ဘယ်သူမှမပေးဘူး” ဟု မစ္စပက်တွန်တန်က ပြောသည်။

Ubon Ratchathani ပြည်နယ် Chong Bok နယ်မြေတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အစိုးရအဖွဲ့သည် ကမ္ဘောဒီးယားနယ်စပ်တွင် အလေးအနက်ထားဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စကိုကိုင်တွယ်ရာမှာ ထိုင်းပြည်သူအားလုံးရဲ့ ပံ့ပိုးကူညီမှုလိုအပ်တာကြောင့် ဝေဖန်မယ့်အစား စည်းလုံးညီညွတ်စွာ ရပ်တည်သင့်သည်ကို အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း မစ္စပက်တွန်တန်က ပြောသည်။

ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် အငြင်းပွားနယ်စပ်ဒေသသို့ သွားရောက်မည်ဖြစ်သည်။ ယာယီနယ်စပ်ပိတ်နိုင်ခြေနှင့် ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများနှင့်ပတ်သက်၍ အစိုးရသည် တပ်မတော်နှင့်တိုင်ပင်ဆွေးနွေးနေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Ref: Bangkok Post

#ယနေ့ခေတ်

ကမ္ဘောဒီးယားက တိုက်ခိုက်မည်ဆိုပါက အသင့်ရှိနေမည်ဖြစ်သော်လည်း  ငြိမ်းချမ်းရေးကိုလိုလားကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.