ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်

ဝါရှင်တန်၊ ဇွန် ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများ အမေရိကန်ပြည်တွင်းသို့ ဝင်ရောက်ခြင်းကိုတားမြစ်သည့် ကြေငြာချက်တစ်ရပ်ကို ဗုဒ္ဓဟူးနေ့(ဇွန် ၄ ရက်)တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားအကြမ်းဖက်သမားများနှင့် အခြားသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်လိုအပ်ခြင်းကြောင့် ယခုကဲ့သို့တာမြစ်ခြင်းဖြစ်ကြောင်း ထရမ့်ကပြောကြားသည်။

အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အခြားခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ကို ပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်း ကန့်သတ်မည်ဖြစ်သည်။

“ ကျွန်ုပ်တို့ကို အန္တရာယ်ပြုလိုသောလူများကို ကျွန်ုပ်တို့၏နိုင်ငံအတွင်းသို့ ဝင်ခွင့်မပြုပါ” ဟု X တွင်တင်ထားသော ဗီဒီယိုတစ်ခုတွင် Trump က ပြောကြားသည်။

အဆိုပါစာရင်းကို ပြန်လည်ပြင်ဆင်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသောကြောင့် နိုင်ငံသစ်များထပ်မံထည့်သွင်းနိုင်ကြောင်း ပြောကြားသည်။

ကြေညာချက်သည် ဇွန်လ ၉ ရက်၊ နံနက် ၁၂ နာရီ၊ အရှေ့တိုင်းစံတော်ချိန်တွင် အကျုံးဝင်သည်။ အဆိုပါနေ့မတိုင်မီ ထုတ်ပေးထားသည့်ဗီဇာများကို ရုတ်သိမ်းမည်မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

အပြင်းထန်ဆုံးကန့်သတ်ခံရသည့် နိုင်ငံများသည် ဗီဇာလုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ရာဇဝတ်မှုမှတ်တမ်းများရှိခြင်းနှင့် အမေရိကန်တွင် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ များပြားလာနေခြင်းတို့ကြောင့် ပိတ်ပင်ရန်ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ထရမ့်ကပြောကြားသည်။

ပြည်ဝင်ခွင့်ပိတ်ပင်မှုကို ရင်ဆိုင်နေရသောနိုင်ငံများနှင့်ပတ်သက်၍ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို စိစစ်ခြင်းနှင့် စစ်ဆေးခြင်းတို့တွင် လိုအပ်ချက်များရှိနေပြီး အမေရိကန်အတွက် အန္တရာယ်အလွန်များသည်ကို တွေ့ ရှိခဲ့သည်ဟု အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဇာကန့်သတ်ချက်များပြုလုပ်ရခြင်း၏ ဥပမာအဖြစ် ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါမြို့တွင် တနင်္ဂနွေနေ့က အစ္စရေးလိုလားသော ဆန္ဒပြသူလူအုပ်ထဲသို့ အမျိုးသားတစ်ဦးက ဓါတ်ဆီဗုံးဖြင့်ပစ်ချခဲ့သော အဖြစ်အပျက်ကို ကိုးကားဖော်ပြခဲ့သည်။

အီဂျစ်နိုင်ငံသား မိုဟာမက်ဆာဘရီ ဆိုလီမန်ကို အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စွဲချက်တင်လိုက်ကြောင်း သိရသည်။

Ref: CNA

#ယနေ့ခေတ်

ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.