ရန်ကုန်၊ ဇွန် ၉
မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံက ခရီးသွားလာခွင့်ပိတ်လိုက်ခြင်းကြောင့် DV Lottery ပေါက်ထားသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
ဇွန် ၉ ရက်နေ့မတိုင်မီ ဗီဇာထုတ်ပေးထားသူများမှအပ နောက်ပိုင်းဗီဇာဝင်သူများကို ဗီဇာထုတ်ပေးတော့မည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံမှ DV Lottery ပေါက်ထားသူများ အခက်အခဲနှင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။
“ DV ပေါက်တော့ ဒီမှာပိုင်ဆိုင်သမျှ အကုန်ရောင်းလိုက်တာပေါ့။ ကလေးတွေကိုလည်း ကျောင်းကထုတ်လိုက်တယ်။ အခု အမေရိကန်က ဗီဇာပိတ်လိုက်တော့ ဘဝပျက်ကုန်တာပေါ့။ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး” ဟု နေပြည်တော်ရှိ DV Lottery ပေါက်ထားသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
DV Lottery ဆိုသည်မှာ အမေရိကန်အစိုးရက နှစ်စဉ်ပြည်ဝင်ခွင့်ဗီဆာနှင့် နေထိုင်ခွင့်ရအောင် မဲဖောက်ပေးသည့် program ဖြစ်ကြောင်း၊ ၁၉၈၆ ခုနှစ်မှစတင်၍ အမေရိကန်အစိုးရက နှစ်စဉ် ရွေ့ပြောင်းနေထိုင်သူ အယောက် ၅ သောင်းခန့်ကို တရားဝင်နေထိုင်ခွင့်ပေးသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရအနေဖြင့် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို ခရီးသွားလာခွင့် အပြည့်အဝပိတ်ပင်ပြီး၊ အခြားနိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများကိုလည်း ခရီးသွားလာခွင့် ကန့်သတ်လိုက် ကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။
အာဖဂန်နစ္စတန်၊ ချဒ်၊ ကွန်ဂို (ကွန်ဂိုသမ္မတနိုင်ငံ)၊ အီကွေတိုရီရယ်လ် ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ဆိုမာလီယာ၊ ဆူဒန်နှင့်ယီမင် စသည့်နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ခြင်းဖြစ်ပြီး၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့်နိုင်ငံပေါင်း ၇ နိုင်ငံကို ခရီးသွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
#ယနေ့ခေတ်
မြန်မာနိုင်ငံသားများ အမေရိကန်သို့ ခရီးသွားလာခွင့်ပိတ်လိုက်ခြင်းကြောင့် DV Lottery ပေါက်ထားသူများ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်