အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့ငလျင်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၈

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးမှုဘဏ်(ADB)က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လူထောင်ချီသေဆုံးပြီး ထိခိုက်ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားမှုအနေဖြင့် ADB ဘဏ်က အရေးပေါ်အမိုးအကာ၊ သောက်ရေသန့်နှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ၊ ရိက္ခာထောက်ပံ့မှု၊ အမျိုး သမီးများအတွက် လစဉ်သုံးပစ္စည်းများထောက်ပံ့မှု၊ ကျန်းမာရေးထောက်ပံ့မှုများ စသည့်အကူအညီများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ အလှူရှင်တွေကတော့ လာကြတာပဲ။ ပြည်တွင်းရော ပြည်ပရော။ ဒါပေမယ့် လိုအပ်နေတဲ့သူတွေဆီကို အမှန်တကယ်မရောက်ဘူး။ တချို့တွေ အကူအညီမရကြဘူး။ ကျောက်ဆည်ဘက်ကဆိုရင် ခုထိအကူအညီမရသေးတဲ့သူတွေ အများကြီး။ လှူမယ်ဆိုရင်လည်း ထိထိရောက်ရောက်လေး တစ်ကယ်အခက်အခဲဖြစ်နေတဲ့သူတွေဆီကို လှူပေးပါ” ဟု မန္တလေးမြို့ရှိ ဒေသခံလူမှုကူညီရေးအသင်းက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် ယာယီစာသင်ကြားနိုင်မည့် အဆောက်အဦများဆောက်လုပ်ခြင်း၊ ရပ်ရွာစာကြည့်တိုက်များထားရှိပေးခြင်း စသည့်ကဏ္ဍအလိုက် ငွေကြေးလွှဲပြောင်းမှုများနှင့် လိုအပ်သည့် အခြားအကူအညီပေးမှုများကိုပါ တပါတည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့်ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အ ထိ သေဆုံးသူ ၃,၇၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၁ ဦးရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ယနေ့ခေတ်

#ယနေ့ခေတ်

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့ငလျင်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.