အီရန်နျူကလီးယားစခန်းများကို အမေရိကန်တိုက်ခိုက်၊ Fordow မရှိတော့ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ ဇွန် ၂၂

အမေရိကန်တပ်ဖွဲ့ဝင်များက ဇွန်လ ၂၁ ရက်၊ စနေနေ့တွင် အီရန်နျူကလီးယားစက်ရုံ ၃ ရုံကို တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်၏ နျူကလီးယားအစီအစဉ်ကို ချေမှုန်းလိုက်ပြီဟု သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

သီတင်းပတ်နှစ်ပတ်ကြာ ကြီးထွားလာသည့်ပဋိပက္ခကို ရက်အတန်ကြာ စေ့စေ့စပ်စပ်ဆွေးနွေးပြီးနောက် ထရမ့်သည် အစ္စရေး၏အဓိကပြိုင်ဘက် အီရန်ကိုတိုက်ခိုက်ရန် ဆုံး ဖြတ်ခဲ့သည်။

“ တိုက်ခိုက်မှုတွေဟာ အံ့မခန်း စစ်ရေးအောင်မြင်မှုပဲ” ဟု ထရမ့်က ရုပ်မြင်သံကြားမှတဆင့် အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“အီရန်ရဲ့ အဓိကနျူကလီးယားသန့်စင်ရေးစက်ရုံတွေကို လုံးလုံးလျားလျားချေမှုန်းပစ်လိုက်ပါပြီ” ဟု သုံးမိနစ်ကျော်ကြာမိန့်ခွန်းတွင် ထရန့်ကပြောကြားသည်။ အီရန်၏အနာဂတ်သည် ငြိမ်းချမ်းရေး သို့မဟုတ် ကြေကွဲစရာဖြစ်ဖွယ်ရှိပြီး အမေရိကန်စစ်တပ်က တိုက်ခိုက်နိုင်သည့် အခြားပစ်မှတ်များစွာလည်းရှိနေကြောင်း ထရန့်ကဆက်လက်ပြောကြားသည်။

“ငြိမ်းချမ်းရေးက မြန်မြန်ဆန်ဆန် ဖြစ်မလာဘူးဆိုရင် ပစ်မှတ်တွေကို တိကျ၊ မြန်နှုန်း၊ ကျွမ်းကျင်မှုတွေနဲ့ လုပ်ဆောင်သွားမယ်။” ဟု ထရမ့်ကဆိုသည်။

အီရန်အား သံတမန်နည်းလမ်းဖြင့် ဆက်သွယ်မှုအားလုံး အဆုံးသတ်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုများသည် အမေရိကန်၏အစီအစဉ်ဖြစ်ပြီး အစိုးရအပြောင်းအလဲအတွက် ရည် ရွယ်ခြင်းမဟုတ်ကြောင်း စနေနေ့က CBS သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ အဓိကနျူကလီးယားစခန်းသုံးခုဖြစ်သည့် Natanz၊ Isfahan နှင့် Fordow ကို တိုက်ခိုက်ခဲ့ကြောင်း ထရမ့်ကပြောကြားသည်။ Fordow တွင် ဘန်ကာဗုံးခြောက်လုံးပစ်ချခံခဲ့ရပြီး အခြားနျူကလီးယားစခန်းများကို Tomahawk ဒုံးကျည်အစင်း ၃၀ ဖြင့်ပစ်ခတ်ခဲ့ကြောင်း Fox News သို့ ပြောကြားခဲ့သည်။

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များလည်း တိုက်ခိုက်မှုတွင်ပါဝင်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက Reuters သို့ ပြောကြားသည်။

“ ဗုံးတွေဟာ အဓိကပစ်မှတ်ဖြစ်တဲ့ Fordow ကို ထိမှန်ခဲ့ပါတယ်” ဟု ထရမ့်က ပြောကြားသည်။ “ Fordow အဆုံးသတ်သွားပြီ။” “ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ အီရန်က အခုသဘော တူရမယ်” ​​ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

တီဟီရန်တောင်ဘက် တောင်တန်းတစ်ခုအောက်တွင် လျှို့ဝှက်တည်ဆောက်ထားသည့် Fordow ကို တိုက်ခိုက်ရန်အတွက် ကြီးမားသောဗုံးများကို တပ်ဆင်သယ်ဆောင်နိုင်သည့် B-2 ဗုံးကြဲလေယာဉ်များ၏ လှုပ်ရှားမှုကို စနေနေ့အစောပိုင်းက ရိုက်တာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

Fordow စခန်း၏တစ်စိတ်တစ်ပိုင်းကို ရန်သူကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်ဟု အီရန်အရာရှိတစ်ဦးကို ကိုးကား၍ Tasnim သတင်းအေဂျင်စီက ဖော်ပြသည်။

ရဲရင့်သောဆုံးဖြတ်ချက်အတွက် သမိုင်းကြောင်းကို ပြောင်းလဲစေမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက ထရမ့်ကိုချီးကျူးဂုဏ်ပြုခဲ့သည်။

“ ကမ္ဘာ့အန္တရာယ်အရှိဆုံးအစိုးရ၊ ကမ္ဘာ့အန္တရာယ်အရှိဆုံးလက်နက်တွေကို လက်မခံဘူးဆိုတာကို သမ္မတထရမ့်လုပ်ဆောင်ခဲ့တဲ့ သမိုင်းမှတ်တမ်းရှိလိမ့်မယ်” ဟု နေတန်ယာဟုက ပြောကြားသည်။

အစ္စရေးနှင့် အီရန်တို့သည် သီတင်းတစ်ပတ်ကျော်ကြာ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများရှိခဲ့သည်။

အစ္စရေးသည် တီဟီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်မည့် အခွင့်အလမ်းမှန်သမျှကို ဖယ်ရှားလိုသည်ဟုဆိုကာ အီရန်ကိုတိုက်ခိုက်ခဲ့သည်။ အီရန်က ၎င်း၏နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်လိုမှုများကိုရပ်တန့်ရန် အနောက်နိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ပေ။ မကြာသေးမီရက်များအတွင်း၊ ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့် ရီပတ်ဘလီကန်အချို့က ထရမ့်သည် အီရန်ကိုမတိုက်ခိုက်မီ အမေရိကန်ကွန်ဂရက်ထံမှ ခွင့်ပြုချက်ရယူရမည်ဟု စောဒကတက်ခဲ့ကြသည်။

မစ္စစပီမှ Republican Senate Armed Services Committee ဥက္ကဌ Roger Wicker က အဆိုပါစစ်ဆင်ရေးကို ချီးကျူးသော်လည်း အမေရိကန်သည် ယခုအခါ လေးနက်သောရွေးချယ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ရီပတ်ဘလီကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ Jim Risch က အီရန်ကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယခုစစ်ပွဲသည် အမေရိကန်တို့၏စစ်ပွဲမဟုတ်ဘဲ၊ အစ္စရေးတို့၏စစ်ပွဲသာဖြစ်သည်ဟု ပြောကြားသည်။ “အီရန်မြေပေါ်မှာ အမေရိကန်ဖိနပ်တွေ ရှိတော့မှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီပါဘူး။” ဟု ကန်တက်ကီမှ ရီပတ်ဘလီကန်အမတ် Thomas Massie က ရိုးရိုးရှင်းရှင်းပြောသည်။

ဗာဂျီးနီးယားမှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Tim Kaine က အမေရိကန်လူထုသည် အီရန်အပေါ် အမေရိကန်၏စစ်ဆင်နွှဲမှုကို တခဲနက်ဆန့်ကျင်ကြောင်းပြောကြားပြီး ထရမ့်သည် ဆိုးရွားသောစီရင်ချက်ချခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အီရန်သည် နျူကလီယားလက်နက်များ တီထွင်ထုတ်လုပ်ရန် နီးကပ်နေပြီဟုဆိုကာ ဇွန် ၁၃ ရက်တွင် အစ္စရေးကတိုက်ခိုက်ခဲ့သည်။ အီရန်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင် သည်ဟု အတည်ပြုနိုင်ခြင်းမရှိဘဲ အစ္စရေးက ခိုင်ခိုင်မာမာယူဆထားသည်။

အစ္စရေးက စတင်တိုက်ခိုက်ချိန်မှစ၍ အနည်းဆုံး လူ ၄၃၀ သေဆုံးပြီး ၃၅၀၀ ဒဏ်ရာရရှိခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ အီရန်အစိုးရပိုင် Nour News က ပြောကြားခဲ့သည်။

အစ္စရေး၏ ကာလရှည်ကြာရန်သူများကြား အဆိုးရွားဆုံးပဋိပက္ခတွင် အီရန်၏ဒုံးကျည်ဖြင့် တုံ့ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာ ပိုင်များက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံဘက်သို့ အီရန်ကဒုံးကျည် ၄၅၀ ကျော်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ပစ်ခတ်မှုများစတင်ဖြစ်ပွားချိန်မှစ၍ လူပေါင်း ၁,၂၇၂ ဦးဒဏ် ရာရခဲ့ပြီး ၁၄ ဦးမှာ ပြင်းထန်သောအခြေအနေတွင်ရှိနေကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

အီရန်နျူကလီးယားစခန်းများကို အမေရိကန်တိုက်ခိုက်၊ Fordow မရှိတော့ဟု ထရမ့်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.