ရန်ကုန်၊ ဇွန် ၂၂
ဇွန် ၁၉ ရက် ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူတွင် ရုတ်တရက်ရေကြီးမှုဖြစ်ပေါ်လာကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ထို့ပြင် ရုတ်တရက်ရေကြီးလာခြင်းကြောင့် ကျေးရွာအချို့ရှိ တံတားပျက်စီးခဲ့ကြောင်း၊ ရေနစ်မြုပ်သည့်နေအိမ်များမှ မိသားစုဝင်များကို အမြင့်ပိုင်းရပ်ကွက်များသို့ ပြောင်းရွှေ့ပေးရကြောင်း သိရသည်။
“ မြစ်ရေတတ်လို့ ရေကြီးတာမဟုတ်ဘူး။ မနေ့ညနေပိုင်းကစပြီး မိုးကသည်းကြီးမည်းကြီးရွာချတာ။ ရေတော်တော်ပါတယ်။ မိုးများတော့ ဆည်ရေရော မိုးရေရောစုပြီး ရေကြီးတာ။ အနိမ့်ပိုင်းရပ်ကွက်တွေက ရေကြီးတာပေါ့။ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပေးထားတယ် ယာယီပေါ့။ အရမ်းကြီးဆိုးဝါးတာတော့မရှိဘူး” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ တောင်ငူမြို့တွင် ရေနစ်မြုပ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ကို ရွှေ့ ပြောင်းထားရကြောင်း၊ ထို့အပြင် ဇွန် ၂၁ ရက်မှ ဇွန် ၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ က ယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
ပုံစာ – ၂၀၂၄ ခုနှစ်က တောင်ငူမြို့တွင် ရေကြီးနေသည့်မြင်ကွင်း
#ယနေ့ခေတ်
တောင်ငူတွင် ရုတ်တရက် ရေကြီးရေလျံမှုဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်