ဒလသမ္ဗန်မှောက်မှုမှ စက်လှေမောင်းသူအပါအဝင် လူသုံးဦး၏ရုပ်လောင်းများ ပြန်လည်တွေ့ရှိပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၂၆

ဒလမြို့နယ်၊ သမ္မတဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်သမ္ဗန်တစ်စီးသည် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဇူလိုင် ၂၄ ရက်၊ နံနက် ၇ နာရီ မိနစ် ၃၀ က တိမ်းမှောက်ခဲ့ပြီး စီးနင်းသူ ၁၂ ဦးအနက် ၈ ဦးကိုကယ်ဆယ်ရရှိကာ ပျောက်ဆုံးနေသူ စက်လှေမောင်းသူအပါအဝင် လေးဦးအနက် ရုပ်လောင်းသုံးလောင်းကို ဇူလိုင် ၂၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်က ကယ်ဆယ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ခရီးသည်တင်သမ္ဗန်တစ်စီး တိမ်းမှောက်မှုတွင် ရေနစ်ပျောက်ဆုံးနေသူလေးဦးအနက် ခုံအမှတ် PR -035 /046 တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

“ အဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ရှာဖွေရေးလုပ်ငန်းကိုလည်း အရှိန်အဟုန်မပျက်ပြုလုပ်ခဲ့ပါတယ်။ သဗ္ဗာန်မောင်းသူ ဦးမျိုးဆွေနဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သဗ္ဗာန်မောင်းသူ ဦးမြင့်ဆွေနှင့် ခရီးသည်အမျိုးသားနှစ်ဦးတို့၏ ရုပ်အလောင်းများကို ညတွင်းချင်းဆယ်ယူနိုင်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးကူညီမှုအသင်းကားနှင့် ကိုပူတူး(ArrPuuTuu) အသင်းယာဉ်တို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒလမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆက်မ ပြတ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း

#ယနေ့ခေတ်

ဒလသမ္ဗန်မှောက်မှုမှ စက်လှေမောင်းသူအပါအဝင် လူသုံးဦး၏ရုပ်လောင်းများ ပြန်လည်တွေ့ရှိပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.