ချစ်ချစ်ခိုင်
“ကိုယ့်မြို့ကို ပြန်ရမယ်ဆိုရင် ဘယ်လိုပြောရမလဲ နောနော်သီချင်းထဲကလို အတိုင်းထက်အလွန်ပေါ့နော်။ ဒီနေ့ပြန်ရမယ်ဆို ဒီနေ့ပဲပြန်မှာ။ ဒီရန်ကုန်မှာနေရတာ အဖေလည်းမရှိ၊ အမေလည်းမရှိ၊ ညီကိုမောင်နှမလည်းမရှိ၊ အကုန်လုံးက အဝေးမှာ။ ကိုယ်က ကလေးသုံးယောက်နဲ့ဆိုတော့ ဘယ်အဆင်ပြေမလည်းလေနော်။” ဟု မိဘနှစ်ပါးနှင့် မောင်ဖြစ်သူကို အောင့်မေ့သတိရကာ ပျော်ရာမှမနေ တော်ရာမှာနေနေရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ စစ်ရှောင်လာနေရသည့် အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ကလေးတွေကလည်း ငယ်သေးတယ်။ ယောင်္ကျားဖြစ်သူကလည်း အဝေးမှာအလုပ်လုပ်နေတာဆိုတော့။ တစ်ယောက်ထဲတိုင်တွေပတ်နေတာပေါ့။ အဖေတို့ အမေတို့ဆိုလည်း နေ့စဉ်လေယာဉ်သံကြားတာနဲ့ ကျီးလန့်စာစားနေရတာပါ။ မောင်လေးကျတော့လည်း စစ်မှုထမ်းဘယ်အချိန်ခေါ်သွားမလဲဆိုတဲ့စိတ်နဲ့ နေသာနေရတာ မပျော်ပါဘူး။” ဟု အသက်သုံးဆယ်ကျော်အရွယ်ရှိ အဆိုပါအမျိုးသမီးက အပြုံးမျက်နာပေါ်က မျက်ရည်များဖြင့် သူမ၏ခံစားချက်ကိုပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုက်ပဋိပက္ခများကြားက ဓားစာခံဖြစ်နေရသည့် ဒေသခံပြည်သူတွေမှာ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး၊ မိသားစုအသိုက်အမြှုံများ တကွဲတ ပြားဖြစ်ခဲ့ရသည့်အပြင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းကြောင့်လည်း မိသားစုဝင်များအဆက်အသွယ်ရရန် ခက်ခဲနေကြရသလို ဒေသတွင်းအကူအညီပေးရေးအဖွဲ့များအနေနှင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“နောင်ပိန်မှာ ဖုန်းလိုင်းမရတာ တစ်နှစ်ကျော်နေပြီ။ ဖုန်းလိုင်းက မရတော့ လှူဖို့တန်းဖို့တွေလည်း တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းကနေပဲ ဆက်သွယ်လို့ရတယ်။ အမြဲတမ်းလည်းမရဘူး။ အခု နောင်ပိန်ပါ စစ်ရှောင်ကြရပြီဆိုတော့ ပိုဆိုးတာပေါ့။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့တွင် တစ်နှစ်ကျော်အကြာ စစ်ဒဏ်ခံခဲ့ရပြီးနောက် တိုက်ပွဲများရပ်ပြီဖြစ်သော်လည်း လက်ရှိအခြေအနေတွင် လျှပ်စစ်မီးကြိုးများခိုးယူခံရခြင်း၊ ထရန်စဖော်မာများ ပျောက်ဆုံးနေခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်း၊ အိုးအိမ်များပြိုလဲပျက်စီးနေခြင်း၊ လမ်းဘေးဝဲယာတွင် မပေါက်ကွဲသေးသည့် လက်နက်များကျန်ရှိနေခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ် ဆိုးဆိုးရွားရွားရှိနေခြင်း၊ အခြေခံပညာကျောင်းသားများ၏ မိဘများနှင့် အုပ်ထိန်းသူများမှာ စီးပွားရေးအခြေ အနေနှင့် အခြားသောအခက်အခဲများကြောင့် ကျောင်းသားငယ်များ၏ အထွေထွေလိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။

“အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ အထူးသဖြင့် ကလေးတွေနဲ့ပက်သက်ရင် ကျွန်တော်မခံစားနိုင်ဘူး။ ကလေးတွေပညာရေး၊ ကျန်းမာရေးပေါ့။ ငါးနှစ်အောက်ကလေးတွေ ကာကွယ်ဆေးထိုးတဲ့ကိစ္စတွေ ကျောင်းနေတဲ့အရွယ်ကလေးတွေ အသက်တွေကြီးပြီးတော့ ကျောက်မတက်နိုင်တဲ့အခြေနေမျိုးတွေ၊ အဲ့ဒါမျိုးတွေတွေ့ရင် စိတ်ထဲကဘယ်လိုမှ မခံစားနိုင်ဘူး။ ကိုယ့်မှာလည်း သားသမီးတွေနဲ့ဆိုတော့။ အဲ့ဒါတော့ အဓိကပါ။ လူကြီးတွေရဲ့ ပဋိပက္ခတွေမှာ ကလေးတွေးက ဓားစာခံမဖြစ်သင့်ဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ်။” ဟု ပြီးခဲ့သည့်ရက်ပိုင်းက နောင်ချိုမြို့ကိုရှောက်ရှိခဲ့သည့် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ယနေ့ခေတ်သို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က မိုးကုတ်မြို့ကို သိမ်းယူခဲ့ပြီးနောက် ယခုအခါ အစိုးရတပ်များနှင့် စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများနေရပ်ပြန်နိုင်ရန်ရေးမှာလည်း စိုးရိမ်ကြောင့်ကျမှုများနှင့် ရင်ဆိုင်နေကြရသည်။
ရှမ်းမြောက်၊ ကချင်၊ ကရင်၊ ရခိုင်၊ ကရင်နီ(ကယား) စသည့်ဒေသများတွင် မပြီးဆုံးနိုင်သည့် လက်နက်ကိုင်ပဋိပက္ခများကြား စစ်ဘေးရှောင်ရင်း မြေစာပင်ဖြစ်နေရသည့် ကလေးသူငယ်များ၏ ပညာသင်ကြားမှာလည်း အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ထို့အပြင် စာသင်ကျောင်းများ လက်နက်ကြီးများထိမှန်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး၊ မြို့ရွာအဆင့်ဆင့်သို့ ရွှေ့ပြောင်းနေထိုင်ကြရာတွင်လည်း ပညာသင်ချိန်နောက်ကျခဲ့ရခြင်း၊ ကျောင်းပြောင်းလျှောက်ထားရာတွင်လည်း စာရွက်စာတန်းမပြည့်စုံခြင်းကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
“အခုဆို ကျွန်မအိမ်လည်း ဗုံးကျလို့ပျက်စီးသွားပါပြီ။ ကျွန်မတို့ တစ်ခြာနေရာမှာ အိမ်ငှါးပြီးနေရပါတယ်။ မလုံခြုံတော့တဲ့နေရာမှာမနေဘဲ ပြောင်းလာခဲ့တာ တစ်နှစ်ပြည့်တော့မယ်။ ကလေးတွေကျောင်းအတွက်စဉ်းစားရင်းနဲ့ အခုထိ အဆင်မပြေသေးပါဘူး။ ကိုယ့်မြို့၊ ကိုယ်နေရာ၊ ကိုယ်အိမ်မဟုတ်တော့ ဘာလုပ်လုပ်အဆင်မပြေပါဘူး။ ကျန်းမာရေဆိုလည်း ရာသီအလိုက် ကလေးတွေကဖျားနေတော့ ဆေးဖိုးဝါးခကအစ ပူပန်နေရတုန်းပါ။” ဟု မိုး ကုတ်မြို့မှ မန္တလေးမြို့သို့ စစ်ဘေးရှောင်နေရသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ကြီးဘက်တွင် တိုက်ပွဲများကြောင့် ကုန်ကားများမှာ ဂိတ်ကြေးများအဆမတန်ပေးဆောင်နေရသည့်အပြင် ကားလမ်းအချို့ပိတ်ခံထားရပြီး ကုန်စျေးနှုန်းများမြင့်တက်လာ၍ ဒေသခံအချို့ မှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
“လမ်းပိတ်ဆို့တာတွေကြောင့် စားနပ်ရိက္ခာအကြပ်အတည်းဖြစ်လာပြီး ဆန်တစ်အိတ်လျှင် ၂၈၀,၀၀၀ ကျပ် ပေးဝယ်နေရကာ၊ ကြက်ဥတစ်လုံး ၃၀၀၀ ကျပ်၊ ငါးတစ်ပိဿာ ၁၀၀,၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၁၂၀,၀၀၀ ကျပ်၊ အားလူးတစ်ပိဿာ ၄၀,၀၀၀ ကျပ်စသဖြင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် စစ်ဘေးရှောင်အချို့နှင့် အခြေခံလူတန်းစားများမှာ အငတ်ဘေးဆိုက်နေပြီး အဟာရပြတ်တောက်နေသူအချို့ရှိနေသည်” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးက သူ၏လူမူကွန်ရက်တွင် ရေးသားထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် လားရှိုး-မန္တလေးလမ်းမကြီးရှိ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်စီးခံရထားရခြင်းကြောင့် ကျောက်ဂူ-နမ့်လန်လမ်းပိုင်းကို ယာယီအသုံးပြုသွားလာ၍ရသော်လည်း မိုးရွာသွန်းမှုများကြောင့် မြေသားလမ်းပိုင်းပျက်စီးနေခြင်းကြောင့် ကုန်တင်ကားအချို့မှာ လနဲ့ချီကာသွားလာနေရကြောင်း သိရသည်။
“တချို့ကားတွေဆို လနဲ့တောင်ချီပြီးကြာတယ်။ မိုးတွင်းဆို လမ်းကဗြွက်တွေနဲ့ဆိုတော့ ကားတွေက လမ်းကျွံတာတွေ၊ ကားပျက်တာတွေ၊ လမ်းပိတ်တာတွေနဲ့ကြုံရတယ်။ ကုန်စျေးနှုန်းဆိုလည်း အဆမတန်ပေးရတာရှိတယ်။ ပြင်ဦးလွင်မှာ ဓာတ်ဆီတစ်လီတာကို ၃၂၀၀ ကျပ်ဆိုရင် ဟိုမှာက ၅၅၀၀၊ ၆၀၀၀ ကျပ်ပေးဝယ်ရတယ်။ စျေးနှုန်းတွေက နှစ်ဆ ပေးပြီးဝယ်ရတာတွေလည်းရှိတယ်။” ဟု သီပေါမြို့မှစစ်ရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများအပြင် သဘာဝဘေးအန္တရာယ်ကိုပါ ကြုံတွေ့ခဲ့ကြရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း သံတွဲ၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ကျောက်တော်မြို့များ၏ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံများမှာ စစ်ရေးဒုက္ခအပြင် ရေဘေးဒုက္ခကိုပါ ခံစားခဲ့ကြရ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်ထွေမြို့တွင်လည်း လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေပြီး ကားလမ်း၊ ရေလမ်းများပိတ်ထားပြီး လေကြောင်းလမ်းတစ်ခုသာ အသုံးပြုနေရကြောင်း၊ လေ ယာဉ်လက်မှတ်ခများမှာလည်း မြင့်တက်နေပြီး စစ်တွေမြို့မှ ရန်ကုန်သို့ အသွားအပြန်ခရီးအတွက် တစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်းကျော်ကုန်ကျကြောင်း သိရသည်။
စစ်တွေမြို့တွင် ကုန်စည်လမ်းကြောင်းများ ပြတ်တောက်နေခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

“ဒီမှာက ကုန်စည်အဝင်က မရှိသလောက်ဖြစ်နေတာ။ ဓာတ်ဆီတစ်လီတာ ၁၅,၀၀၀ ကျပ်၊ အိမ်ကြက်တစ်ကောင်ဆိုရင် ၁၅၀,၀၀၀ ကျပ်၊ CP ကြက်တစ်ပိဿာ ၈၀,၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၇၀,၀၀၀ ကျပ် ဓာတ်ဆီတစ်လီတာ ၁၅၀၀၀ ကျပ်၊ ကန်စွန်းရွက်အသေးတစ်စည်း ၁၀၀၀ ကျပ်ပေးဝယ်နေရတယ်။ အတော်ကိုခက်ခဲပါတယ်။” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြီးခဲ့သည့်တစ်လခွဲခန့်မှစ၍ လျှပ်စစ်မီးများပြတ်တောက်နေခြင်း၊ ကုန်စည်လမ်းကြောင်းများ ပိတ်ပင်ထားခြင်းများကြောင့် ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ရွှေဘိုမှာဆိုရင် ပြီးခဲ့တဲ့တစ်လခွဲလောက်ကတည်းက လျှပ်စစ်မီးတွေမရတော့တာ။ ခရီးလမ်းပန်းကလည်း အဆင်မပြေတော့ စားသောက်ကုန်တွေမဝင်တော့ဘူး။ အဓိကခက်ခဲနေတာက ဆေးဝါးပဲ။ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေက အတော်ခက်ခဲနေတာ။ ငွေရှိလို့ဝယ်နိုင်ရင်တောင် ဆေးကဝယ်မရဘူး။ အတော့်ကိုခက်ခဲပါတယ်။ ဘာတွေဆက်ဖြစ်မယ် မတွေးရဲလောက်အောင်ပါပဲ” ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၃ ဒသမ ၅ သန်းကျော်သည် လက်နက်ကိုင်ပဋိပက္ခများကြောင့် အခြေခံလိုအပ်ချက်များ မရနိုင်သည့်အခြေအနေများနှင့် မြို့နယ်၊ ကျေးရွာအဆင့်အဆင့်ကို ထွက်ပြေးနေရသည့်ဒုက္ခတွင်း ပိုနက်နဲလာခဲ့ကြကြောင်း OCHA Myanmar မှ ထုတ်ပြန်ထားသည်။
“အဓိက ကတော့လေ တိုင်းပြည်ငြိမ်းချမ်းဖို့ဆိုလို့ရှင်ရင် ပြည်သူအားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းတစ်ရပ်ကို ဖန်တီးဖို့ လိုအပ်တယ်လို့မြင်တယ်။ စစ်ဆိုတာတော့ ဘာကောင်းကျိုးမှမပေးဘူးလေ။ ပြည်သူလူထုလိုလားနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနဲ့ဆက်စပ်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ရောက်ဖို့လိုမယ်လို့တော့မြင်တယ်။ အဲ့ဒီ့ အခင်းအကျင်းကိုဖော် ဆောင်နိုင်မယ်ဆိုရင် ငြိမ်းရေးဆိုတာတဖြေးဖြေးဖြစ်လာမယ်။” ဟု ၈၈၈၈ ဒီမိုကရေစီရေး အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့ပြီး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအ ရေးဆောင်ရွက်နေသည့် ဦးမြအေးက ယနေ့ခေတ်သို့ ပြောကြားသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-စစ်ဘေးရှောင်များနှင့် ပျက်စီးခဲ့သည့်အိမ်များ(ပုံဟောင်း)
#ယနေ့ခေတ်
ပြင်းထန်နေဆဲ စစ်ပွဲများအောက်က ပြည်သူများ၏နေ့စဉ်ဘဝ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်