ဝါရှင်တန်၊ ဩဂုတ် ၇
ရုရှားနိုင်ငံမှ ရေနံဝယ်ယူခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားလိုက်သည်။
ယခုနှုန်းထားသည် အမေရိကန်ကချမှတ်သည့် အမြင့်ဆုံးနှုန်းထားဖြစ်ပြီး အမေရိကန်သို့ အိန္ဒိယ၏သွင်းကုန်များအပေါ် စုစုပေါင်းအကောက်ခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်သည်။
နှုန်းထားအသစ်သည် ၂၁ ရက်အတွင်း အသက်ဝင်မည်ဖြစ်ရာ ဩဂုတ် ၂၇ ရက်တွင် စတင်ကောက်ခံမည်ဖြစ်သည်။
ဒေလီသည် ရုရှားမှသွင်းကုန်များအပေါ် ၎င်း၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုစည်းကြပ်ခွန်သည် တရားမျှတမှုမရှိကြောင်း၊ ထို့ကြောင့် အမေရိကန်အနေနှင့် တခြားနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်နေမှုများအတွက် အိန္ဒိယနိုင်ငံအား ထပ်လောင်းအခွန်စည်းကြပ်ရန် ရွေးချယ်လိုက်ခြင်းသည် အလွန်ကံမကောင်းကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“ အိန္ဒိယသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရန် လိုအပ်သောလုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်မည်” ဟု ၎င်းကဆိုသည်။
“ရုရှားစစ်ပွဲကြောင့် ယူကရိန်းမှာ လူဘယ်လောက်သေတယ်ဆိုတာ အိန္ဒိယကဂရုမစိုက်ဘူး” ဟု အမေရိကန်သမ္မတက အစောပိုင်းက သတိပေးခဲ့ပြီး၊ “ ယူကရိန်းတွင် ရုရှား၏လုပ် ဆောင်ချက်များသည် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်လျက်ရှိပြီး အမျိုးသားအရေးပေါ်အခြေအနေအား ကိုင်တွယ်ဖြေရှင်းရန် ပိုမိုပြင်း ထန်သောအစီအမံများ လိုအပ်သည်” ဟု ဗုဒ္ဓဟူးနေ့တွင် အိမ်ဖြူတော်ကထုတ်ပြန်ခဲ့သည်။
အိန္ဒိယ၏ ရုရှားရေနံတင်သွင်းမှုသည် ယူကရိန်းရှိ ရုရှား၏လုပ်ရပ်များကို တန်ပြန်ရန် အမေရိကန်၏အားထုတ်မှုကို ပျက်ပြားစေသည်ဟု ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သည် ရုရှားနိုင်ငံ၏အကြီးမားဆုံးပို့ကုန်ဖြစ်ပြီး မော်စကို၏အကြီးဆုံးဖောက်သည်များမှာ တရုတ်၊ အိန္ဒိယနှင့် တူရကီတို့ဖြစ်သည်။
ရုရှားသည် ယခုအခါ အိန္ဒိယသို့ ရေနံအများဆုံးရောင်းချသူဖြစ်ပြီး အိန္ဒိယ၏ စုစုပေါင်းရေနံလိုအပ်ချက်၏ ၃၅ % ကျော်ရှိကြောင်း သိရသည်။ Reuters သတင်းဌာနက ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ အိန္ဒိယသည် ယခုနှစ်ပထမခြောက်လတွင် တစ်နေ့လျှင် ရုရှားမှရေနံစည်ပေါင်း ၁.၇၅ သန်းခန့်၀ယ်ယူခဲ့ကြောင်း သိရသည်။
Credit: BBC
#ယနေ့ခေတ်
ရုရှားမှရေနံဝယ်ယူခြင်းကြောင့် အိန္ဒိယကို အခွန် ၅၀% ကောက်ခံရန် ဒေါ်နယ်ထရမ့်ညွှန်ကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်