သံတောင်ကြီးတွင် မြေပြိုမှုကြောင့် ၁၃ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုများဖြစ်ပေါ်ကာ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၆ ရက်နေ့က၊ သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက်အချို့နှင့် တောင်ပေါ်ခြံအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျကာ မိသားတစ်စုအပါအဝင် ၁၃ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“သံတောင်ကြီးမြို့ထဲမှာကိုပဲ ရှစ်ယောက်သေတယ်။ နောက်ထပ်သုံးယောက်တွေ့တယ်။ တစ်ချို့ကကျတော့ မိသားစုလိုက်ကြီးအိပ်နေရင်နဲ့ မြေပြိုတာ လေးယောက်လုံးသေသွားတယ်။ ကျန်တဲ့သူတွေလည်းကျန်သေးတယ်။ တစ်နေရာနဲ့တစ်နေရာကဝေးတော့ ရှာရဦးမှာ။ မတွေ့သေးတဲ့သူတွေလည်း ရှိသေးတယ်။ လောလောဆယ်က ၁၃ ယောက်တော့ရှိပြီး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမြေပြိုကျမှုကြောင့် နေအိမ်များနှင့် စိုက်ခင်းများပျက်စီးခဲ့ပြီး သေဆုံးသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

“တောင်ပေါ်မှာဆို ရှော်ဘာခြံတွေရှိတယ်။ စိုက်ခင်းခြံတွေလည်းရှိတယ်။ စိုက်ခင်းတွေဆိုလည်း အကုန်ပျက်စီးတယ်။ အဲ့နေရာတွေကိုသွားဖို့ဆို တစ်ရက်ခရီးလောက်သွားရတယ်။ အဲ့ခြံထဲမှာနေတဲ့သူတွေလည်းရှိတယ်။ သူတို့ဆို အလောင်းတောင် ပြန်သယ်မလာတော့ဘူး။ အဲ့မှာပဲ သဂြိုလ်လိုက်တာမျိုးရှိတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုကျမှုများဖြစ်ပေါ်မှုကြောင့် ဒေသခံများမှာ သောက်သုံးရေအခက်အခဲရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်းရွာသွန်းမှု၊ လေပြင်းတိုက်ခိုက်မှုနှင့် မြေပြိုကျမှုကြောင့် သစ်ပင်များလဲကျ မျောပါကာ လမ်းပိတ်ဆို့မှုများဖြစ်ခဲ့ပြီး ဒေသ ခံများနှင့် လူမှုကူညီရေးအသင်းအချို့ပူးပေါင်းကာ လမ်းရှင်းလင်းရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံနှင့် လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

သံတောင်ကြီးတွင် မြေပြိုမှုကြောင့် ၁၃ ဦးထက်မနည်းသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.