ဗင်နီဇွဲလားရေနံလုပ်ငန်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ထရမ့် ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံ၏ ရေနံလုပ်ငန်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုမည်ဟု ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံသည် ခေါင်းဆောင် နီကိုလပ်စ် မာဒူရိုကို ရာထူးမှဖယ်ရှားပြီးနောက် ၎င်း၏ပျက်စီးယိုယွင်းနေသော စီးပွားရေးကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့အကြီးဆုံးရေနံသိုက်တွင် ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ဖွင့်လှစ်ရန် ဥပဒေများကို ပြုပြင်ပြောင်းလဲခဲ့သည်။

ကာရာကတ်စ်နှင့် ပေကျင်း၏အနာဂတ်ကို မရေမရာဖြစ်စေခဲ့သော အမေရိကန်တပ်ဖွဲ့များက မာဒူရိုအား မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ရှုတ်ချမှုကိုခံခဲ့ရသည်။ မာဒူရိုလက်ထက်တွင် တရုတ်သည် ဗင်နီဇွဲလားရေနံကို အဓိကဝယ်ယူသူဖြစ်ခဲ့သည်။

“ တရုတ်နိုင်ငံဝင်လာရန်ကြိုဆိုပြီး ရေနံနှင့်ပတ်သက်၍ ကြီးမားသော သဘောတူညီချက်ကိုပေးမည်။ ကျွန်ုပ်တို့သည် တရုတ်ကိုကြိုဆိုပါသည်” ဟု ထရမ့်က စနေနေ့က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဗင်နီဇွဲလား၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်သည် သောကြာနေ့တွင် အိန္ဒိယနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

“ အိန္ဒိယကဝင်လာနေပြီ။ အီရန်ကနေဝယ်မယ့်အစား ဗင်နီဇွဲလားရေနံကို ဝယ်ယူတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့သဘောတူညီချက်ကို ချုပ်ဆိုပြီးပါပြီ၊ သဘောတူညီချက်ရဲ့ အယူအဆပါ၊ ဒါပေမယ့် တရုတ်ကိုလည်းဝင်လာပြီး ရေနံဝယ်ဖို့ ကြိုဆိုပါတယ်” ဟု ထရမ့်က ပြောသည်။

ဝါရှင်တန်သည် ဗင်နီဇွဲလားကို တာဝန်ယူနေပြီဟု ထရမ့်က ပြောကြားခဲ့ပြီး၊ အမေရိကန်နှင့် ကာရာကတ်စ်တို့သည် ရေနံအမြတ်အစွန်းကို မျှဝေသုံးစွဲမည်ဟု ပြောကြားခဲ့သည်။ အ မေရိကန်သည် “ ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်မှုနဲ့ အလွန်ကောင်းမွန်စွာ ဆက်ဆံနေပါတယ်။ သူတို့ဟာ အလုပ်ကောင်းကောင်းလုပ်နေပါတယ်” ဟု ထရမ့်က မှတ်ချက်ပြုခဲ့သည်။

“ ကျွန်တော်တို့ ရေနံအများကြီး ရောင်းချမှာဖြစ်ပြီး တချို့ကို ယူမှာပါ၊ သူတို့က အများကြီးယူမှာပါ၊ သူတို့ အရမ်းကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာပါ။ သူတို့ အရင်ကထက် ပိုငွေရှာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့အတွက် အကျိုးရှိမှာပါ” ဟု ဆိုသည်။

အမေရိကန်သည် ရေနံပေးသည့်နိုင်ငံများကို အခွန်ကောက်ခံမည်ဟု ခြိမ်းခြောက်ပြီးနောက် ကျူးဘားနှင့် သဘောတူညီချက်တစ်ခု လုပ်ဆောင်မည်ဟုလည်း ထရမ့်က အကြံပြုခဲ့သည်။

“ ကျူးဘား ပြန်လည်လွတ်မြောက်လာစေဖို့ သူတို့ ကျွန်တော်တို့ဆီလာပြီး သဘောတူညီချက်တစ်ခု လုပ်ချင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်က ကျူးဘားခေါင်း ဆောင်များနှင့်ပတ်သက်ပြီး စနေနေ့တွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ကျူးဘားနဲ့ သဘောတူညီချက်တစ်ခု လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကြင်နာစွာ ဆက်ဆံသွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Ref: channelnewsasia.com
#ယနေ့ခေတ်

ဗင်နီဇွဲလားရေနံလုပ်ငန်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ထရမ့် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.