ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အ.ထ.က ကျောင်းဝန်းထဲမှ KG အဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ရီ ၂ ရက်၊ နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်ကြားရှိ အ.ထ.က ကျောင်းကြီးအတွင်းမှ KG အဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးကိုထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက် ၅ နာရီခန့်ကလည်း ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ဒေသခံတစ်ဦး၏ခြေနှစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် ၁၀ နာရီကဖြစ်တာ။ ဖားကန့် အ.ထ.က ကျောင်းကြီးထဲက KG အ ဆောင်ပေါ်ကျတာ။ KG အတန်းကပိတ်ထားတာ။ နောက်ဖေးသွားတဲ့ကလေးနှစ်ယောက်ကိုထိတာ။ ဒဏ်ရာရတယ်။ ကလေးနှစ်ယောက်ကိုတော့ ဆေးကုသမှုတွေပေးထားတယ်လို့ သိရတယ်။ ဒီမနက် ၅ နာရီကလည်း ဖားကန့်၊ မရှီကတောင်ရပ်ကွက်မှာ လက်နက်ကြီးကျလို့ ဒေသ ခံတစ်ဦး ခြေထောက်နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်။” ဟု မြို့ခံတစ်ဦးက ယနေခေတ်သို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှစ၍ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာ နောက်ကျောလမ်း၊ ထုံးဘို-ဂျမ်ကပ်လမ်းတို့တွင် နလအတပ်နှင့် KIA ပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူး ပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသအတွင်းသေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-ဒေသခံ
#ချစ်ချစ်ခိုင်
ဖားကန့်မြို့ အ.ထ.က ကျောင်းဝန်းထဲမှ KG အဆောင်ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ကလေးနှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်