ပေကျင်း၊ ဖေဖော်ဝါရီ ၂
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ဂိုဏ်းများ၏ ထိပ်တန်းအဖွဲ့ဝင်လေးဦးကို ကွပ်မျက်ခဲ့ကြောင်း တရုတ်တရားရုံးတစ်ခုက ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဘေကျင်းသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းခြင်းများ တိုးမြှင့်လုပ်ဆောင်နေစဉ် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ကွပ်မျက်မှုကို ကြေညာခြင်းဖြစ်သည်။
လိမ်လည်သူများသည် အင်တာနက်အသုံးပြုသူများကို အတုအယောင် အချစ်ဇာတ်လမ်းများနှင့် ခရစ်ပ်တိုကာရင်စီ (cryptocurrency) ရင်းနှီးမြှုပ်နှံမှုများထဲသို့ ဆွဲဆောင်သည့် လိမ်လည်မှုများပြုလုပ်ခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ၏နယ်စပ်ဒေသများအပါအဝင် အရှေ့တောင်အာရှတစ်ဝှမ်းတွင် အဆိုပါအွန်လိုင်းလိမ်လည်မှု အကြီးအကျယ်ထွန်းကားခဲ့သည်။
အစပိုင်းတွင် တရုတ်စကားပြောသူများကို အဓိကပစ်မှတ်ထားခဲ့သည်။ နောက်ပိုင်းတွင် ဂိုဏ်းများ၏နောက်ကွယ်ရှိ ရာဇဝတ်အဖွဲ့များသည် ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များထံမှ ဒေါ်လာဘီလီယံပေါင်းများစွာကို လိမ်လည်ရန် ဘာသာစကားများစွာဖြင့် လုပ်ငန်းလည်ပတ်မှုများကို တိုးချဲ့ခဲ့သည်။
ထိုသို့လိမ်လည်မှုများကို ပြုလုပ်ရန် လူကုန်ကူးခံရသည့် နိုင်ငံခြားသားထောင်ပေါင်းများစွာကို အသုံးပြုခဲ့သည်။ အချို့မှာ ဆန္ဒအလျောက်ပါဝင်လုပ်ဆောင်ခဲ့ကြသည်။
ဘေကျင်းသည် ဒေသဆိုင်ရာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ပြီး လူထောင်ပေါင်းများစွာကို တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးရန် ပြန်လည်ခေါ်ဆောင်ခဲ့သည်။
ယခုနောက်ဆုံးကြေညာချက်သည် တရုတ်နိုင်ငံအရှေ့ပိုင်း Wenzhou ရှိ တရားရုံးတစ်ခုက မြီမိသားစု ရာဇဝတ်အဖွဲ့အပါအဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသော လူ ၁၁ ဦးကို ကွပ်မျက်ခဲ့ကြောင်း ပြောကြားပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မကြာသေးမီက ကွပ်မျက်ခံရသော လူလေးဦးသည် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းနှင့် ဆက်စပ်နေကြောင်း ရှန်ကျန်း အလယ်အလတ်ပြည်သူ့တရားရုံး၏ ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
၎င်းတို့၏ ရာဇဝတ်မှုများတွင် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် အတင်းအကျပ် ပြည့်တန်ဆာပြုလုပ် ငန်းများ ပါဝင်သည်။
အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပယ်ရင်ချန်သည် မက်သာဖက်တမင်း ၁၁ တန်ခန့် ရောင်းချရန်နှင့် ထုတ်လုပ်ရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
တရားရုံး၏အဆိုအရ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် လိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များကြောင့် တရုတ်နိုင်ငံသားခြောက်ဦး သေဆုံးပြီး၊ အခြားသူအများအပြား ဒဏ်ရာရရှိခဲ့သည်။
သေဒဏ်ချမှတ်ခံရသော ပဉ္စမမြောက်လူ ပယ်ဆောက်ချိန်သည် နိုဝင်ဘာလ စီရင်ချက်အပြီးတွင် ဖျားနာမှုကြောင့် သေဆုံးသွားခဲ့ကြောင်း တရားရုံးက ပြောကြားသည်။ ၎င်းသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံထားရသည်။
“ ယခုအချိန်အထိ တရုတ်နိုင်ငံသည် အွန်လိုင်းလိမ်လည်မှုကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာအပါအဝင် အခြားနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
၎င်းတို့၏လုပ်ဆောင်ချက်များသည် လူများ၏အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရာတွင် သိသာထင်ရှားသော ရလဒ်များရရှိခဲ့ကြောင်း၊ ပေကျင်းသည် ဂိုဏ်းဂဏများအား တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်မည်ဟု လင်ကျန်းက ပြောကြားခဲ့သည်။
Ref: channelnewsasia.com
#ယနေ့ခေတ်
တရုတ်နိုင်ငံက ကျားဖြန့်ခေါင်းဆောင် ပယ်ရင်ချန်နှင့် မိသားစုဝင်သုံးဦးတို့ကို ထပ်မံကွပ်မျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်