ထိုင်းဈာပနတစ်ခုကို နိုင်ငံခြားသားများက လမ်းဘေးစားသောက်ဆိုင်ဟု အထင်မှားကာ ဝင်ထိုင်ခဲ့ကြ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လမ်းဘေးဈေးဆိုင်ရှာနေသော နိုင်ငံခြားသားခရီးသွားများသည် ညဈေးအနီး ဈာပနရွက်ဖျင်ထိုးထားသော နေရာတစ်ခုကို စားသောက်ဆိုင်ဟုထင်မှားကာ ဝင်ရောက်ခဲ့ကြသည်။

ဒေသခံများက ဈာပနအခမ်းအနားတစ်ခုဖြစ်ကြောင်း ပြောကြားပြီးနောက် ၎င်းတို့ကအံ့အားသင့်ကာ တောင်းပန်ခဲ့ပြီး ‘ထိုင်လို့ရနိုင်မလား’ ဟု ယဉ်ကျေးစွာမေးမြန်းခဲ့ကြသည်ဟု ထိုင်းအခြေစိုက် Khaosod English သတင်းဌာနက ဖော်ပြခဲ့သည်။

ဒေသခံများက သဘောတူကြိုဆိုခဲ့ပြီး ထိုင်းရေခဲလက်ဖက်ရည်၊ ပန်းရောင်နို့နှင့် ရိုးရာမုန့်များအပါအဝင် အစားအစာများနှင့် အဖျော်ယမကာများကို ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဇန်နဝါရီ ၃၁ ရက်နေ့က Nakhon Si Thammarat ပြည်နယ်၊ Khanom ခရိုင်တွင်ဖြစ်ပွားခဲ့သော ဤဖြစ်ရပ်၏ ဗီဒီယိုသည် အွန်လိုင်းတွင်ပျံ့နှံ့နေခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ မစ္စတာ ချာရန်တွန် ချယ်ရီအွန်ခတ်က လူမှုကွန်ရက်တွင်မျှဝေခဲ့သည်ဟု ထိုင်းသတင်းဌာန Thaiger က ရေးသားသည်။

လူမှုကွန်ရက်မှဗီဒီယိုတွင် ဈာပနဧည့်သည်များအတွက် ပြင်ဆင်ထားသောစားပွဲတွင် လူဖြူအမျိုးသားနှစ်ဦး ထိုင်နေသည်ကိုတွေ့ရပြီး ထိုင်းအမျိုးသမီးတစ်ဦးက ၎င်းတို့အား စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေသည်ကို တွေ့ရသည်။

အဆိုပါမြင်ကွင်းကို ရိုက်ကူးနေသည့် မစ္စတာ ချာရန်တွန်၏ နောက်ကွယ်တွင် နောက်ပြောင်နေသည့် “ဟေး.. သူ တို့ကိုမေးကြည့်ရအောင်။ သူတို့က ဒါကို ဘူဖေးလို့ထင်နေကြတာလား” ဟု ပြောသံ ကြားနေရသည်။

ထိုင်းနိုင်ငံတွင် ဝမ်းနည်းပူဆွေးနေသူများနှင့် ဈာပနကိုတက်ရောက်လာသူများကို သေဆုံးသူ၏မိသားစုတွေက အစားအသောက်နှင့် အဖျော်ယမကာများကျွေးမွေးခြင်းသည် ရိုးရာဓလေ့တစ်ခုဖြစ်သည်ဟု Khaosod English ထိုင်းသတင်းဌာနက ဖော်ပြသည်။

“ဧည့်သည်တွေကို ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ရော၊ သေဆုံးသူကိုယ်စား ကုသိုလ်ယူတဲ့အနေနဲ့ပါ ပြုလုပ်ဖို့ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။

နောက်တစ်နေ့တွင်လည်း အလားတူ အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Khaosod English က ဖော်ပြသည်။ ဒတ်ချ်ညီအစ်ကိုသုံးယောက်က ဈာပနကျင်းပရာနေရာကို ဝင်ရောက်ပြီး အဖျော်ယမကာမှာယူခဲ့ကြသည်။ စားပွဲများတွင် လူများထိုင်နေခြင်းကြောင့် စားသောက်ဆိုင်ဟု မှားယွင်းယူဆခဲ့ကြသည်။

လူအချို့က နိုင်ငံခြားသားများ၏ ယခုလိုအပြုအမူကို အားပေးသင့်သည်ဟု ပြောကြပြီး၊ အချို့ကလည်း ထိုအပြုအမူသည် သူတို့၏ယဉ်ကျေးမှုတန်ဖိုးဖြစ်သော စာနာမှု၊ ရက်ရောမှုနှင့် ကိုက်ညီသည်ဟုဆိုကာ အိမ်ရှင်များကို ကာကွယ်ပြောဆိုခဲ့ကြသည်။

အဆိုပါဗီဒီယိုများကို ကြည့်ရှုပြီးနောက် “ထိုင်းလူမျိုးတွေက ကြင်နာတတ်ကြတယ်” ဟု မှတ်ချက်ရေးခဲ့ကြသည်။

Ref: channelnewsasia.com
#ယနေ့ခေတ်

ထိုင်းဈာပနတစ်ခုကို နိုင်ငံခြားသားများက လမ်းဘေးစားသောက်ဆိုင်ဟု အထင်မှားကာ ဝင်ထိုင်ခဲ့ကြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.