ရန်ကုန်၊ ဖေဖောဝါရီ ၉
ရန်ကုန်တိုင်း၊ ဒလမြို့နှင့် တွံတေးမြို့တို့တွင် အိမ်ခြံမြေစျေးများ တဟုန်ထိုးမြင့်တက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က၊ ကိုရီယား-မြန်မာချစ်ကြည်ရေး ဒလတံတားဖွင့်လှစ်သည့်နေ့မှစ၍ ဒလမြို့တွင် ပေ ၄၀၊ ၆၀ ရှိ မြေတစ်ကွက် သိန်း ၂၀,၀၀၀၊ သိန်း ၃၀,၀၀၀ အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။ အဆိုပါအကွက်များသည် တံတားမဖွင့်မီက သိန်း ၈၀၀၀ နှင့် သိန်းတစ်သောင်းကြား ပေါက်ဈေးရှိကြောင်း သိရသည်။
“စျေးတွေတက်လာတာမှအရမ်းပဲ။ အခုဆို တံတားပြီးမှ ပိုတက်တယ်လို့ပြောလို့ရတယ်။ ဒလတံးကနေဆင်းဆင်းခြင်း ရန်ကုန်ပေါက်ဆိုရင် လယ်မြေဧကတွေဆိုရင်တောင် ပေ ၄၀ x ၆၀ ကို သိန်းနှစ်သောင်း၊ သိန်းသုံးသောင်းလောက်ထိ ပေးဝယ်နေကြတာ။ ဒါကတော့ အခုလှုပ်ခတ်နေတဲ့အချိန်ပေါ့နော်။ နောက်ပိုင်း စီမံကိန်းလည်းတွေလည်း ထပ်ရှိသေးတယ်။ တံတားဘေးနားက အကွက်တွေလည်း သောင်းချီနေပြီ။” ဟု ဒလမြို့မှ အိမ်မြေအကျိုး ဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒလမြို့တွင်းရှိ ဘိုဘွားပိုင်မြေနှင့် အိမ်စျေးများလည်း ရပ်ကွပ်ကွက်အလိုက်၊ လမ်းအနေအထားအလိုက် စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
“အရင်က သိန်း ၂၅၀၀ နဲ့ဝယ်တဲ့နေရာတွေဆို အခု သိန်း ၄၀၀၀ လောက်ပေါက်သွားတယ်။ ရောင်းတဲ့သူကလည်း စျေးခေါ်သလို ဝယ်တဲ့သူကလည်း ဝယ်နေတာ။ ဂရမ်ပါပြီးသား ဘိုဘွားပိုင်အိမ်ရော၊ မြေရောဆိုရင် သိန်း ၄၀၀ နဲ့ ၅၀၀ ကြားရှိတယ်။ ၁၉ ပေ ပေ ၆၀ ဆိုရင် သိန်း ၇၀၀ ထိရှိတယ်။ ဒါလည်း လမ်းပေါ်မူတည်တာ။ ကိုယ်ဝယ်မယ့် လမ်းပေါ်မူတည်ပြီး စျေးကပြောင်းသွားတာ။ စျေးကတော့ တက်ဖို့ပဲရှိတယ်။ တစ်ချို့ဆိုဝယ်ပြီး ပြန်မရောင်းသေးတဲ့သူတွေလည်းရှိတယ်။” ဟု ဒလံမြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ တွံတေးမြို့ ပိတ်ဆွယ်ကျေးရွာတွင် တစ်ဧကပတ်လည်ရှိခြံဝန်းတစ်ခုလျှင် သိန်း ၂၈၀၀ မှ သိန်း ၃၅၀၀ အထိ တစ်ပါတ်အတွင်း စျေးမြင့်တက်လာခဲ့ကြောင်း သိရသည်။
“မြို့ပေါ်မြေတွေက ဝယ်ထားပြီးသွားကြပြီဆိုတော့ သိန်းသောင်းချီသွားပြီ။ အခုက ရွာမြေတွေပေါ့ ဒလကနေထွက်မယ်ဆို ပိတ်ဆွယ်ကျေးရွာကိုစရောက်မယ်။ ဒလ-တွံတေးလမ်း ကြီးကနေစထွက်မယ်ဆို ပိတ်ဆွယ်ကိုစရောက်တယ်။ အဲ့ဒီမှာ ဘယ်ခြမ်းနဲ့ ညာခြမ်းရှိတယ်။ အဲ့ရွာမှာဆို ဆိတ်ခြံလုပ်မယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်က ဝယ်ခိုင်းတာ တစ်ဧကပတ်လည်ကို ကျွန်တော်သွားကြည့်တဲ့နေ့က သိန်း ၂၈၀၀။ ဒီနေ့မှာ ၃၅၀၀ ဖြစ်သွားပြီ” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကိုရီယား-မြန်မာ ဒလတံတားအဆင်း လမ်းမကြီးပေါ်တွင်လည်း ပေ ၄၀၊ ပေ ၁၂၀ ရှိ မြေတစ်ကွက်လျှင် သိန်း ၇၅,၀၀၀ ရှိပြီး၊ ပေ ၄၀ x ၆၀ တစ်ကွက်လျှင် သိန်း ၅၅,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ရန်ကုန်-ဒလတံတားဖွင့်လှစ်ပြီးနောက် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များတွင် အိမ်ခြံမြေများ စျေးတက်လာကြောင်း သိရသည်။
ထိုတံတာမှတစ်ဆင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း။ ဧရာဝတီးတိုင်းမှ ဒေးဒရဲ ၊ ဖျာပုံ၊ ဘိုကလေး စသည့်မြို့များသို့ လွယ်ကူစွာသွားလာနိုင်ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ (ဒလမြို့)
#ယနေ့ခေတ်
ဒလမြို့တွင် အိမ်ခြံမြေစျေးများ တဟုန်ထိုးမြင့်တက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်