ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ရာက အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက် ၂ နာရီက ဇေယျာသီရိမြို့နယ်၊ ရင်ခွဲပင်ကျေးရွာ၊ ခရေပင်လမ်းခွဲအနီးတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နေပြည်တော်ကနေပြန်လာတာ။ ကားမောင်းတဲ့သူက အိပ်ငိုက်ပြီ လမ်းဘေးမှာရှိတဲ့သစ်ပင်ကို ဝင်တိုက်တာ။ အမျိုးသားလေးယောက်လုံးဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့မစိုးရိမ်ရဘူး။ နေပြည်တော်မှာ ယာဉ်မတော်တဆဖြစ်တာ တစ်လထဲမှာဆို ဆယ်ကြိမ်လောက်ရှိမယ်ထင်တယ်။” ဟု ဒေသခံလူမှုကူညီရေးပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူများကို ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်းမှ နေပြည်တော် ပြည်သူ့ဆေးရုံ ကုတင် ၃၀၀ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက်၊ ည ၈ နာရီခန့်ကလည်း၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ Top စက်သုံးဆီဆိုင်အနီးတွင် အိမ်စီးကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး၊ အမျိုးသားတစ်ဦးနှင့်၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်း
#ယနေ့ခေတ်
ဇေယျာသီရိမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်